သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည် လူ့အခွင့်အရေး ကန်စိုးရိမ်


ရှမ်းပြည်နယ် လားရှိုးမြို့က ဘုန်းကြီးကျောင်းမှာ လာရောက် ခိုလှုံနေသူများ။ ( ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅)
ရှမ်းပြည်နယ် လားရှိုးမြို့က ဘုန်းကြီးကျောင်းမှာ လာရောက် ခိုလှုံနေသူများ။ ( ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅)

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ပိုမို ပြင်းထန် လာနေတဲ့ ရှမ်းပြည်နယ်တွင်းမှာ ဒေသခံ အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောဆိုလိုက်ပါတယ်။ လတ်တလော ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ များပြားလာနေပြီး၊ တိုက်ပွဲ အတွင်း မြန်မာ စစ်တပ်ရဲ့ လူ့အခွင့်အရေးမှုတွေကို လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ကိုလည်း တောင်းဆိုခဲ့တာပါ။ အပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ဆက် ပြောပြပေးပါ။

မကြာသေးခင် ရက်ပိုင်းတွေအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့နယ်အတွင်းမှာ မြန်မာအစိုးရ တပ်တွေနဲ့ TNLA တအာင်း-ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်ဦးတွေအကြား တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေသလို၊ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တွင်းမှာလည်း TNLA တပ်ဖွဲ့တွေနဲ့ RCSS-SSA လို့ခေါ်တဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်တွေအကြား နယ်မြေပိုင်ဆိုင်မှုကိစ္စနဲ့ ပတ်သက်ပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒီလို စစ်ရေးပဋိပက္ခတွေအတွင်း မြန်မာ စစ်တပ်ဘက်ကလည်း ဒေသခံ အရပ်သားတွေ အပေါ် အဓမ္မပေါ်တာဆွဲတာ၊ တိုက်ခိုက်တာ၊ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီအခြေအနေ တွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု အနေနဲ့ စိုးရိမ်ပူပန်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Katina Adams က ဗွီအိုအေ (မြန်မာပိုင်း) ကို ပြောဆိုခဲ့ပါတယ်။

“အရပ်သားပြည်သူတွေနဲ့ အခြေခံအဆောက်အအုံတွေကို မဆင်မခြင် တိုက်ခိုက်မှုတွေ၊ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို ကျူးလွန်မှုတွေ အပါအဝင် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ် တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေအပေါ် ကျမတို့ စိုးရိမ်မိ ပါတယ်။”

ဒါ့အပြင် အခုလို ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တရားဥပဒေနဲ့အညီ အမြန်ဆုံး ကိုင်တွယ်အရေးယူဖို့ကိုလည်း မြန်မာအစိုးရကို သူက တောင်းဆိုခဲ့ ပါတယ်။

“တကယ်သာမှန်ခဲ့မယ်ဆိုရင် ဒီကိစ္စတွေက ဆိုးရွားလွန်းတာကြောင့် အများက လက်ခံနိုင်ပြီး၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ဖို့နဲ့ တာဝန်ရှိသူတွေကို သူတို့ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအတွက် အရေးယူမှုတွေလုပ်ဖို့ ကျမတို့အနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။ အရပ်သားတွေ ကို ကာကွယ်ဖို့က အရေးကြီးပြီး ဦးစားပေးရမယ့်ကိစ္စဆိုတာကို ကျမအနေနဲ့ ထပ်ပြီး ပြောလိုပါတယ်။”

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel ရဲ့ ပြီးခဲ့တဲ့လ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာလည်း - လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို ကန့်သတ်ဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုးမြှင့် လုပ်ဆောင်ဖို့ကို တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းအဖွဲ့ကနေ ပြီးခဲ့တဲ့တပတ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ - မြန်မာစစ်တပ်ကနေ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်သားတွေကို ပစ်ခတ်တာ၊ အဓမ္မပြုကျင့်မှုတွေအပြင် - တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဆန့်ကျင်တဲ့ ထိုးစစ်တွေကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ အခုဆိုရင် ၁ သောင်းကျော် ရှိသွားပြီလို့လည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG