သုံးရလွယ်ကူစေသည့် Link များ

ကိုးကန့်နဲ့ ကချင်ဒေသ စစ်ရေးတင်းမာဆဲ


တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၊ Nansan မြို့ တောင်ကုန်းတခုပေါ်မှ တွေ့ရသည့် မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ။ သြဂုတ် ၃၀၊ ၂၀၀၉။

အစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ ကိုးကန့်ဒေသထဲမှာ ဒီရက်ပိုင်းတွေမှာ ဆက်တိုက်ဆိုသလို နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး စစ်ရေးအတော်လေးတင်းမာနေတဲ့ အနေအထားဖြစ်တာမို့ တိုက်ပွဲတွေဟာ ဆက်ပြင်းထန်ဦးမယ့် အနေအထား ဖြစ်နေတယ်လို့ ကိုးကန့်တပ်ပြောခွင့်ရက ဆိုပါတယ်။ အခုလိုကိုးကန့်ဘက်မှာ စစ်ရေးအရှိန်မြင့်နေချိန် ကချင်ဒေသဘက်မှာလည်း စစ်ရေး တင်းမာနေဆဲဖြစ်ပြီး ဒေသတွင်း တည်ငြိမ်တဲ့အနေအထားမရောက်သေးတဲ့အတွက် ကချင်စစ်ပြေးဒုက္ခသည်တွေ နေရပ်ရင်းမပြန်ရဲကြသေးဘူးလို့ ကချင့်အရေးကူညီပေးနေသူတွေက ပြောပါတယ်။ ကိုးကန့်နဲ့ကချင်ဒေသဘက်က နောက်ဆုံးရ စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

တရုတ်-မြန်မာနယ်စပ်အနီး ရှမ်းပြည်နယ်အတွင်းက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသမှာ ကိုးကန့်တပ်တွေဆီကို မြန်မာတပ်ဘက်က စစ်အင်အား အလုံးအရင်းသုံးပြီးတော့ နေ့စဉ်ရက်ဆက်ဆိုသလို ထိုးစစ်ဆင်နေတယ်လို့ ကိုးကန့်တပ်ဘက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၉) ရက်နေ့က စတင်ခဲ့တဲ့ နှစ်လကျော်ကြာမြင့်လာပြီဖြစ်တဲ့ ကိုးကန့်တိုက်ပွဲတွေထဲ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ အတော်လေးကို ပြင်းပြင်းထန်ထန် ဖြစ်နေဆဲဖြစ်ပြီး ကိုးကန့်ဒေသ နောက်ဆုံးရစစ်ရေးအခြေအနေကို ကိုးကန့်ပြောခွင့်ရ ဦးထွန်းမြတ်လင်းက အခုလိုပြောပါတယ်။

“၈ ရက်နေ့၊ ၉ ရက်နေ့၊ ဆယ်ရက်၊ ၁၁ ရက်ပေါ့၊ (၄) ရက်ဆက်တိုက်၊ တော်တော်ပြင်းထန်ပါတယ်။ မနေ့အထိက၊ အခု ကုန်းကြမ်းဒေသမှာပါပဲ- အဓိကဖြစ်နေတာက။ စစ်ကြောင်းငါးကြောင်းနဲ့ထိုးပါတယ်။ စစ်ကြောင်းတကြောင်းကို လူအင်အား (၃၀၀) ကျော်လောက်ရှိမယ်။ ပြီးတော့ လက်နက်ကြီးလည်း အရမ်းစိတ်လာပါတယ်။ ပစ်တာ- အမြောက်တွေပေါ့နော၊ ပိုပြီးတော့ များလာပါတယ်။ တင့်ကားတွေ၊ သံချပ်ကာကားတွေကလည်း ပစ်ကူပါတယ်။ တပ်မတွေက တော်တော်စုံနေပါပြီ။ တပ်မ ၂၂ ကလွဲလို့ အားလုံးရောက်နေတာပဲ။ ကျနော်တို့ဒေသ ဒီကျဉ်းကျဉ်းမြောင်းမြောင်းထဲမှာ။ အဓိကဖြစ်တာကတော့ ကျနော်ထင်တယ်၊ တပ်မ ၆၆ နဲ့ တကသ (၁) လားမသိဘူးဗျ။ အဲလိုဖြစ်မယ်ဗျ။ ခုတ်ထန်ပတ်ဝန်းကျင်မှာ အဓိကဖြစ်တယ်။ ကျဆုံးစာရင်းက ကျနော်တို့ဘက်က အနည်းအကျဉ်းဒဏ်ရာရတာ တော်တော်များပါတယ်။ ၄ ရက်ပေါင်းလိုက်ရင် ၅၀ လောက်ရှိမယ်။ ၅၀ ကျော်မယ် ထင်တယ်ဗျ။ ပြီးတော့ ကျတာကလည်း (၉) ယောက်၊ ၁၀ ယောက်တော့ ရှိပြီထင်တယ်။ ပိတ်မိနေတဲ့ပြည်သူလူထုတွေကိုတော့ တတ်နိုင်သလောက် ကယ်ထုတ်ပါတယ်။ ကယ်ပြီးတော့ refugee camp ကို လိုက်ပို့ပေးပါတယ်။ တလောတုန်းကတော့ အတင်းအဓမ္မပြန်လာခိုင်းတာ ရှိတယ်။ ဒါပေမယ့် ပြန်လာတဲ့လူတွေတချို့ကလည်း ပစ်သတ်ခံရတယ်။ ပြီးခဲ့တဲ့ မတ် ၂၀ ကျော်ကျော်လောက်ကထင်တယ်။ အဲဒီမှာတုန်းကလည်း refugee camp မှာလည်း အသတ်ခံလိုက်ရတာ ၂၀ ကျော်တယ်။ တော်တော်များများက မနေရဲကြတော့ဘူး။ အဲဒီ refugee camp မှာပဲ နေနေရတယ်။”

မြန်မာ့ရိုးရာအတာသင်္ကြန် နှစ်ကူးကာလရောက်လာပြီဖြစ်ပေမဲ့လို့လည်း ကိုးကန့်ဒေသထဲမှာ စစ်ရေးအရှိန်ဟာ လျော့ကျနိုင်စရာမရှိဘဲ တိုက်ပွဲတွေ ပြင်းထန်ဦးမယ့် အနေအထားဖြစ်တယ်လို့လည်း ကိုးကန့်တပ်ဘက်က ဆိုပါတယ်။

“ကျနော် သုံးသပ်သလောက်ကတော့ စစ်အရှိန်ဆက်မြင့်ဖို့ပဲ ရှိမယ်ထင်တယ်ဗျ။ ဘာလို့လဲဆိုတော့ လူအင်အားတွေကလည်း အရမ်းဖြည့်ထားတယ်။ လက်နက်ကြီးတွေလည်း အများကြီးပို့ထားတယ်။ လေကြောင်းတိုက်ခိုက်မှုတော့မရှိပါဘူး။ ဒါပေမယ့် လေယာဉ်နဲ့လာပြီးတော့ ထောက်လှမ်းတာတော့ ရှိပါတယ်။ တိုက်ပွဲကတော့ သူတို့ ထိုးစစ်မဆင်ရင် တိုက်ပွဲကတော့ မဖြစ်ပါဘူး။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုကတည်းက တနိုင်ငံလုံးအတိုင်းအတာနဲ့ ရှိသမျှတိုက်ပွဲတွေရပ်ပြီးတော့မှ လက်မှတ်ထိုးတာတို့၊ ဆွေးနွေးတာတို့လုပ်ရင်တော့ ပိုပြီးတော့ အဓိပ္ပာယ်ရှိပါမယ်။”

စစ်ရေးတင်းမာနေတဲ့အတွက် အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ကိုးကန့်အထူးဒေသတွင်း ကိုးကန့်တပ်ရဲ့ ခေါင်းဆောင်ဖုန်ကြားရှင်ရဲ့ သားသမက်လည်းဖြစ် ကိုးကန့်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကို မဟုတ်မှန်သတင်းဖြန့်ဝေမှုနဲ့ ဖမ်းဝရမ်းထုတ်ထားတယ်ဆိုတဲ့ သတင်းအပေါ် ဦးထွန်းမြတ်လင်းက အခုလိုတုံ့ပြန်ပါတယ်။

“ကျနော့်ကိုတော့ အသိတွေက ဓာတ်ပုံရိုက်ပြီး ပို့ထားတာရှိပါတယ်။ ကျနော့်ကို လွတ်လပ်စွာ ပြောရေးဆိုခွင့်ရှိတာပဲဗျ။ အမှန်မှာဆိုရင်တော့-နော၊ ဒါပေမယ့် ကျနော်ပြောတာတွေကလည်း အမှန်တွေပါပဲခင်ဗျ။ အဲဒါကို သူတို့က ရှေ့တန်းမှာရှိတဲ့ တပ်မတော်သားတွေရဲ့စိတ်ဓာတ်ကို ကျစေတယ်လို့ ကျနော့်ကိုပြောလာတော့ ကျနော်လည်း မတတ်နိုင်ပါဘူးခင်ဗျ။ အာဏာကတော့ သူတို့လက်ထဲမှာပါ။ သူတို့က ဘယ်သူ့ကိုပဲဖြစ်ဖြစ် သူတို့က ဖမ်းဝရမ်းဆိုတာက လွယ်လွယ်လေးပဲ၊ သူတို့က ပြောသလိုရတာပဲ။”

အခုလိုကိုးကန့်ဘက်မှာ စစ်ရေးအရှိန်မြင့်နေချိန် ကချင်ဒေသဘက်မှာလည်း စစ်ရေးကတင်းမာနေဆဲအနေအထားဖြစ်ပါတယ်။ ဒီလိုမျိုး ဒေသတွင်း တည်ငြိမ်တဲ့ အနေအထား မရောက်သေးတဲ့အတွက် ကချင်စစ်ပြေးဒုက္ခသည်တွေ နေရပ်ရင်းမပြန်ရဲကြသေးဘူးလို့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်က ကိုစာဂျီကပြောပါတယ်။

“ဒုက္ခသည်တွေရဲ့အခြေအနေနဲ့ သူတို့ရပ်ရွာကို ပြန်သွားတဲ့အဆင့် အခြေအနေ မရှိသေးဘူး။ သူတို့က မပြန်ရဲသေးဘူး၊ အခုအချိန်အထိပေါ့နော်။ စစ်ပွဲအခြေအနေက မတည်ငြိမ်သေးတော့၊ ဒုက္ခသည်…….က မနိုင်မနင်းထမ်းဆောင်နေတဲ့အခြေအနေဖြစ်တယ်။ ဒုက္ခသည်က ဝန်ထုတ်ဝန်ပိုးလို ထပ်ပြီးရောက်လာတယ်။ အဲဒီတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဘယ်လိုမျိုး ပြဿနာကို အကောင်းဆုံးဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နည်းစနစ်နဲ့ ဖြေရှင်းသွားတာ အကောင်းဆုံးဖြစ်မယ်။ အခုက ကေအိုင်အို ဗန်းမော်ဘက်မှာ အယောက် ၂၀ ကျော်၊ ၂၀ လောက်ပဲရှိတဲ့ဟာ လေယာဉ်ပျံ ဗုံးကြဲတယ်ဆိုတော့ ဒါက စစ်ပွဲဆိုတာကို ဖန်တီးတာ။ ဆွနေတဲ့ပုံစံဖြစ်နေတော့ ကျနော်တို့ ပြည်သူတွေရဲ့အမြင်ကတော့ တိုက်ပွဲဆက်လက်တိုက်ချင်တာ ဘယ်သူလဲဆိုတဲ့ မေးခွန်းပေါ့နော်၊ သံသယရှိလာပါတယ်။”

အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် နောက်ဆုံးမူကြမ်းကို နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြပြီးတဲ့နောက်မှာကို ကိုးကန့်၊ ကချင်၊ တအာင်းနဲ့ ရခိုင်ဘက်တွေမှာ စစ်ရေးတင်းမာနေတဲ့အခြေအနေတွေ ဖြစ်နေတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG