သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ်တွင်း တိုက်ပွဲ အပြင်းအထန် ဆက်ဖြစ်


ရှမ်းပြည်မြောက်ပိုင်းတပ်။
ရှမ်းပြည်မြောက်ပိုင်းတပ်။

ရွေးကောက်ပွဲအလွန် ကာလတွေမှာ ရှမ်းပြည်နယ်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးနေတဲ့ အခြေအနေမှာ ဒီကနေ့မှာလဲ မြောက်ပိုင်း ရှမ်းပြည် တပ်မတော် SSPP/ SSAနဲ့ မြန်မာ့တပ်မတော်တို့အကြားမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။ ဒီကနေ့ တိုက်ပွဲဖြစ်ပွါးတဲ့ မိုင်းရှူး မြို့နယ် ဝမ်ခွေအနီး လွယ်ဖွေး တောင်ကုန်းတိုက်ပွဲမှာ မနေ့ကလိုပဲ မြန်မာတပ်မတော်က လေတပ်အကူနဲ့ စစ်ဆင်မှု တွေ လုပ်ဆောင်နေတယ်လို့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်ဘက်ကပြောပါတယ်။

ရွေးကောက်ပွဲ အလွန်ကာလတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် အခုလိုထိုးစစ်တွေ ပိုမိုလုပ်ဆောင်နေတာဟာ လုံခြုံရေးကိုအကြောင်းပြပြီး အာဏာ လွှဲပြောင်းပေးဖို့ကြန့်ကြာအောင် လုပ်ဆောင်နေတယ်လို့လဲ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေကရှုမြင်နေကြပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်း ပေးပို့ထားပါတယ်။

မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် SSPP/SSAနဲ့ မြန်မာ့တပ်မတော်တို့ အကြားမှာ ဒီကနေ့မှာလဲ ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းက လွယ်ဖွေးတောင်ကုန်းပေါ်မှာ တိုက်ပွဲပြင်းထန် စွာဖြစ်ပွါးနေဆဲ လို့ မြောက်ပိုင်းရှမ်းပြည် တပ်မတော်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလကအခုလိုပြောပါတယ်။

“အခု အဲဒီ ၂ နာရီခွဲမှာ သူတို့ လေကြောင်းနဲ့ ပြန်လာတိုက်တယ်လေ အခုနော်။ မနေ့က အဲဒီတိုက်ပွဲနေရာကို ပြန်တိုက်တာ လွယ်ဖွေးတောင်ပေါ့နော်။ ဒီနေ့တော့ အဲဒီ ရဟတ်က ၄ စီးလေ။ ဂျက်က ၂ စီး အခုထက်ထိတော့ ကြားနေတုန်းပဲ။”

ဒီကနေ့ဖြစ်ပွါးနေဆဲ တိုက်ပွဲမှာ မြန်မာစစ်တပ်ကနေ ကြည်းတပ် အပါအဝင် လေကြောင်းအကူနဲ့ တိုက်ခိုက်နေတာ ဖြစ်ပြီး နှစ်ဖက် ထိခိုက်မှုအခြေအနေကိုတော့ မသိရှိရသေးဘူးလို့လဲ သူက ပြောပါတယ်။

မနေ့ကလဲ မြောက်ပိုင်းတပ်မတော်ကနေ ခြေကုတ်ရယူထားတဲ့ ဝမ်လွေအနီးက လွယ်ဖွေးတောင်ကုန်းကို မြန်မာ့တပ်မ တော်ကနေ ကြည်းတပ် လေတပ်အားသုံးပြီး အပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေကိုတော့ SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက အခုလို ပြောပါတယ်။

“မနေ့က ပြင်းပြင်းထန်ထန် ဖြစ်တဲ့နေရာ သူတို့ ဆုတ်သွားတော့ ကျနော်တို့ ဝင်ရှင်းပါတယ်။ ရှင်းတော့ အဲဒီ အလောင်း ၅ လောင်းပေါ့နော်။ ကျနော်တို့ သြင်္ဂီုဟ်ပေးရတယ်။ နောက် အဲဒီမှာ ကျနော်တို့ MA-1, MA-2, MA-3 ပေါ့နော် အဲဒီ ၃ လက်ပေါ့နော်။ နောက် လောင်ချာပေါ့ ၂ လက်လေ။ နောက် ဗုံးသီးတွေတချို့ သိမ်းဆည်းရမိတယ်။”

နိုဝင်ဘာလ(၈)ရက်နေ့မှာကျင်းပခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲအလွန် ကစပြီး မြောက်ပိုင်း ရှမ်းပြည်တပ်မတော်နဲ့ မြန်မာ့ တပ်မတော်တို့အကြားမှာ ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်ပွါးနေခဲ့တာပါ။

ဒီလိုဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့်ကျေးသီး မိုင်းရှူး မိုင်းနောင်မြို့နယ် အတွင်းက ကျေးရွာသား(၈၀၀၀)ကျော်ဟာ ဌာနေကနေထွက်ပြေးနေရပြီး စစ်ပြေးဒုက္ခသည်တွေအဖြစ် တိမ်းရှောင်နေရပါတယ်။

မြောက်ပိုင်းရှမ်းပြည်တပ်မတော်အနေနဲ့ NCAအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုး ဖို့ ပြင်းဆို ခဲ့တဲ့နောက်ပိုင်း အောက်တို ဘာ(၆)ရက်နေ့ကစပြီး မြန်မာ့ တပ်မတော်ကနေ ထိုးစစ်ဆင်မှု စတင်ပြုလုပ်လာခဲ့ပါတယ်။

အလားတူ မြန်မာ့အစိုးရနဲ့စစ်ရေးတင်းမာနေဆဲ လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ တအာင်းပလောင် လွတ်မြောက်ရေး (TNLA) အဖွဲ့နဲ့လဲ ဒီကနေ့ မိုးမိတ်မြို့နယ်၊ တော်ကွန့်ကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

ရွေးကောက်ပွဲရက် အလွန်ကနေ ဒီကနေ့အထိ မြန်မာ့တပ်မတော်နဲ့ TNLAတို့အကြား တိုက်ပွဲ ဆက်တိုက်ဖြစ်ပွါးနေတယ် လို့လဲ TNLA ပြန်ကြားရေး အရာရှိ ဗိုလ်ကြီး တာအိုက်ကျော် ကပြောပါတယ်။

“ဒီနေ့ မနက် ၈ နာရီ ၄၅ လောက်မှာ ကျနော်တို့ဘက်က တပ်ရင်း ၅၂၇ နဲ့ အစိုးရတပ်ဘက်က တပ်မ ၇၇ တို့ မိုးမိတ်မြို့နယ် တော်ကွန့်ကျေးရွာအနီးမှာ ဖြစ်တာခင်ဗျ။ ရွေးကောက်ပွဲလွန်ကာလကတည်းက တိုက်ပွဲမဖြစ်တာ မနေ့က တနေ့ပဲရှိတာပေါ့။ ကျနော်တို့ဘက်ကတော့ တိုက်ပွဲမဖြစ်အောင်လို့ ရှောင်ပါတယ်။ ကျနော်တို့ရှိတဲ့ နေရာဘက်တွေကို သူတို့တွေက လိုက်ပြီးမှ တိုက်တယ်။ တမင်တကာ တိုက်ပွဲဖြစ်အောင် ဖန်တီးတယ်လို့ပဲ မြင်ပါတယ်။”

မြန်မာ့တပ်မတော်အနေနဲ့ ရွေးကောက်ပွဲအလွန်ကာလမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် ယခင်က ထက် ထိုးစစ်တွေပြုလုပ် လာနေတဲ့ဖြစ်စဉ်အပေါ် မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက သုံးသပ်ပြောဆိုပါတယ်။

“ကျနော်တို့ သုံးသပ်ထားတာက အဲဒီတိုက်ပွဲတွေက သူတို့ ကြိုတင် ပြင်ဆင်ပြီးတော့ အဲဒီ ရွေးကောက်ပွဲရလဒ် ရှုံးနိမ့်သွားတော့ တိုက်ပွဲတွေ ဖန်တီးတာပေါ့။ အဲဒီ နယ်မြေ မတည်ငြိမ်အောင် ရှင်းရှင်းပြောရမယ်ဆိုရင် ကျနော်တို့က အဲဒီ အာဏာလွှဲပြောင်းပေးမှုမှာ အချိန်ကြာအောင် တုံ့ဆိုင်းနေအောင် အဲ့ဒါ ဖန်တီးနေသလားလို့ပဲ ကျနော်တို့ သုံးသပ်ရတာပေါ့နော်။”

အလားတူ ကချင်ပြည်နယ် မိုးညှင်း မြို့နယ်ဒေသတွေမှာလဲ ကချင်လွတ်လပ်ရေး အဖွဲ့ KIOနဲ့ မြန်မာ တပ်မတော်တို့အကြားမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တနင်္လာနေ့က လေကြောင်းနဲ့တိုက်ခိုက်တဲ့အထိ တိုက်ပွဲ ပြင်းထန် ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၅ရွေးကောက်ပွဲရလဒ်အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကနေ အောင်မြင်မှု အမြင့်ဆုံးရရှိခဲ့ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်မဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကြိုဆိုခဲ့ကြသလို ကာလအတန်ကြာဖြစ်ပွါးနေခဲ့တဲ့ ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းသွားနိုင် လိမ့်မယ်လို့လဲ မျှော်လင့်နေကြပါတယ်။

ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ကနေ နောင်တက်လာမယ့် အစိုးရကို ချောချောမွေ့မွေ့ အာဏာ လွှဲပြောင်းပေးမယ်လို့ တရားဝင် ပြောဆိုခဲ့ပေမဲ့ လက်ရှိမြန်မာ့ တပ်မတော်ကနေ ဒေသအတွင်း မတည်ငြိမ်သေး တာကို အကြောင်းပြုပြီး အာဏာကို ဆက်လက် ထိန်းသိမ်းသွားဦးမယ့် အခြေအနေရောက်ရှိမှာကို စိုးရိမ်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ရှုမြင် ကြောင်း မြောက်ပိုင်း ရှမ်းပြည် တပ်မတော်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလကနေ သုံးသပ်ပြောဆိုခဲ့ပါတယ်။

please wait

No media source currently available

0:00 0:04:10 0:00
တိုက်ရိုက် လင့်ခ်

မိုးညှင်းတိုက်ပွဲပြမြေပုံ
မိုးညှင်းတိုက်ပွဲပြမြေပုံ

“ကချင် တိုက်ပွဲ အရှိန်လျော့”

ကချင်ပြည်နယ် မိုးညှင်း မြို့အနီးမှာ တနင်္လာနေ့က လေကြောင်းက ၃ကြိမ် တိုက်ခိုက်တဲ့အထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပေမဲ့ ဒီကနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်ပြီး မိုးညှင်းမြို့ အခြေအနေဟာလည်း ပုံမှန်အတိုင်း ရှိနေတယ်လို့ မိုးညှင်း ခရိုင် အုပ်ချုပ်ရေးမှုးက ပြောပါတယ်။

အစိုးရစစ်တပ်ပိုင် မြဝတီသတင်း ဌာနရဲ့ လူမှုကွန်ယက်စာမျက်နှာ်မှာတော့ တပ်မတော်က နယ်မြေ ရှင်းလင်းစဉ်မှာ KIAတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ကချင်တပ်ဖက်က အင်အား အများအပြားနဲ့ တပ်မတော်စစ်ကြောင်းကို တိုက်ခိုက်လာတာကြောင့် လေကြောင်း အပြင် အမြောက်ပစ်ကူနဲ့ပါ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။ မိုးညှင်း ဒေသက နောက်ဆုံး အခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ မိုးညှင်း ဒေသအတွင်း တိုက်ပွဲတွေဟာ ၁၅ရက်နေ့ နေ့ခင်းပိုင်းက စတင်ဖြစ်ပွားခဲ့ရာက ၁၆ရက်နေ့မှာ တော့ အစိုးရတပ်ဖက်က ရဟတ်ယာဉ် ၂စီးနဲ့ ၂ကြိမ်၊ တိုက်လေယာဉ်၂စီးနဲ့ ၁ကြိမ် လေကြောင်းပစ်ကူ သုံးပြီး တိုက်ခိုက်ခဲ့ရတဲ့အထိ တိုက်ပွဲတွေ ကြီးမားခဲ့ပါတယ်။

ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်ချိန်ဟာ အထက ၁ ဘုံကထိန်လှည့်ပွဲ အပြီးလောက်မှာ စတင်ဖြစ်ပွားခဲ့တာကြောင့် မြို့တွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့သလို လေကြောင်းက ပစ်ခတ်တာတွေကို မြို့ခံတွေမြင်တွေ့ခဲ့တဲ့နောက် ညပိုင်းမှာတော့ အသွားအလာတွေ ကျဲပါးခဲ့ပြီး ညဈေးကိုပါ ပိတ်ထားခဲ့ရပါတယ်။

ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မိုးညှင်းမြို့ အခြေအနေဟာ ပုံမှန်အတိုင်းရှိနေတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှုး ဦးအောင်စိုးမိုးကပြောပါတယ်။

“ဒီကနေ့တော့ အေးအေးချမ်းချမ်းပါပဲ။ ဘာမှမရှိပါဘူးဗျာ ၊ မနေ့ကတော့ လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ပစ်တဲ့ အခါကျတော့ မြို့သူမြို့သားတွေ နည်းနည်းလေးတော့သူတို့ ထိတ်လန့်မှုတော့ရှိတာပေါ့နော်။ မနေ့ညက ထိတ်လန့်မှု ဆိုတာက ၇နာရီ ၊ ၈ နာရီက အရင်အချိန်ထက်စာရင် နည်းနည်းလေး သွားလာသူနည်းသွားတာပေ့ါနော်။ အခုက ပုံမှန်အတိုင်းပါပဲ ပြန်စည်ကားနေပါတယ်။”

မိုးညှင်းအနီး တိုက်ပွဲနဲ့ ပတ်သက်ပြီး အစိုးရ စစ်တပ်ပိုင် မြဝတီ သတင်းဌာနရဲ့ လူမှုကွန်ယက် စာမျက်နှာမှာတော့ တပ်မတော်စစ်ကြောင်းက ၁၅ရက်နေ့က မိုးညှင်းမြို့ဝန်းကျင်မှာ နယ်မြေ ရှင်းလင်းစဉ်မှာ ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIA နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ သေနတ်တလက်နဲ့ ခဲယမ်း အချို့အပြင် စခန်းတခုကို သိမ်းယူရရှိ ခဲ့ကြောင်း၊ ၁၆ရက်နေ့မှာတော့ KIA ဖက်က အင်အားဖြည့်တင်းပြီး တပ်မတော် စစ်ကြောင်းကို တိုက်ခိုက် လာတာကြောင့် လေကြောင်းက ၃ကြိမ် ပစ်ခတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်ကရှင်းလင်းရတာဟာ KIA က မိုးညှင်းမြို့ အနီးမှာ မိုင်းထောင်တာ၊ လူသစ်စုတာနဲ့ ဆက်ကြေးကောက်ယူတာတွေ ရှိသလို ဒေသခံတွေ မိုင်းထိသေဆုံးတာ၊ ထိခိုက်တာတွေ ရှိတာကြောင့်လို့လည်း ဖော်ပြပါတယ်။

မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှုး ဦးအောင်စိုးမိုးကတော့ ဒီနှစ်အတွင်း မိုင်းထိသူ ၁၈ယောက်ရှိ တယ်လို့လည်း ပြောပါတယ်။

KIA ဖက်ကတော့ မိုးညှင်းအနီးမှာ သူတို့ တပ်စခန်းတွေကို အရင်တည်းက အခြေစိုက်ထားတာဖြစ်ကြောင်း နဲ့ ဒီရက်ပိုင်းမှာမှ ဆင်ဘိုတပ်ရင်းကို KIA တပ်ဖွဲ့ဝင် ၅ယောက်က ဝင်ရောက်ပစ်ခတ်တယ်လို့ အကြောင်းပြပြီး မိုးညှင်းအနီးက စခန်းတွေကို တိုက်ခိုက်လာတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဒေသခံတချို့ကတော့ ဒီကနေ့ မှာ အာဏာပိုင်တွေက တိုက်ပွဲဖြစ်ရာဒေသ ဖက်က တောင်ယာတွေကို သွားလာခွင့် ပိတ်လိုက်ကြောင်းနဲ့ မိုးညှင်းမြို့ပေါ် မှာတော့ ဈေးတွေ၊ ကျောင်းတွေ ပုံမှန်ဖွင့် ထားကြောင်းလည်း ပြောပါတယ်။

လတ်တလောဖြစ်ပွားခဲ့တဲ့ မိုးညှင်း တိုက်ပွဲမှာ အစိုးရတပ်ဖက်က အရာရှိတယောက်နဲ့ စစ်သည်၂ယောက် ကျဆုံးခဲ့ပြီး KIA ဖက်က အခြေအနေကိုတော့ မသိရသေးပါဘူး။ မိုးညှင်းဒေသ အတွင်းမှာ အရင်က အခုလို ပြင်းထန်တဲ့ တိုက်ခိုက်တာတွေ မရှိခဲ့ဘဲ ရွေးကောက်ပွဲပြီးချိန်မှ အခုလို တိုက်ပွဲတွေ ပြင်းထန်လာတဲ့အပေါ်မှာတော့ ဒေသခံတွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာတော့ KIA တပ်ဖွဲ့ဝင်တွေက မိုင်းထောင်တာ၊ လူသစ်စုတာ၊ ဆက်ကြေးကောက်ခံတာတွေ ရှိနေတဲ့အတွက် နယ်မြေရှင်းလင်းရင်း တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့တာ လို့ ပြောပါတယ်။ တိုက်ပွဲတွေအတွင်း KIA ထိန်းချုပ်နယ်မြေတချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို၊ တပ်မတော်က အရာရှိနဲ့ စစ်သည်တချို့ ကျဆုံးခဲ့တယ်လို့ လည်း ဖော်ပြထားပါတယ်။

please wait

No media source currently available

0:00 0:03:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG