အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ အကြမ်းဖက် တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်လို့ သံသယ ရှိနေတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် လက်နက်ဝယ်ယူဖို့ ကြိုးပမ်းနေသူ လူ ၂ ယောက်ကို ဖမ်းဆီး ခဲ့ကြောင်း အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။
မနေ့နှောင်းပိုင်း ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း ဒီလူတွေကို ဖမ်းဆီးခဲ့တာလို့လည်း သတင်းတွေက ဖော်ပြ ခဲ့ကြတာပါ။ ဒီလူ ၂ ယောက်ဟာ သေနတ်တွေ၊ လက်ပစ်ဗုံးတွေ ၀ယ်ယူဖို့ ကြိုးစားနေကြတာလို့လည်း ပြောပါတယ်။
မသင်္ကာသူ ၂ ယောက်ကို နယူးယောက်ပြည်နယ်ရဲ့ အကြမ်းဖက်ဝါဒဆိုင်ရာ ဥပဒေတွေအရ အရေးယူ သွားမယ်လို့ မျှော်လင့်ထားကြောင်းလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) ရဲ့ လက်ရေး မှတ်တမ်းတွေထဲမှာ သူ့ကို ထောက်ခံသူတွေ အနေနဲ့ အမေရိကန် ပြည်ထောင်စုအပေါ် အကြီးအကျယ် တိုက်ခိုက်သွားဖို့ တိုက်တွန်းထားပါတယ်။
သူ့ရဲ့ မှတ်စုတွေထဲမှာ အကြမ်းဖက် ကွန်ရက်တွေရဲ့ လမ်းစဉ်တွေ၊ ရည်မှန်းထားတဲ့ ပစ်မှတ်တွေ၊ တိုက်ခိုက်မှုတွေ လုပ်သွားမယ့် ပုံစံတွေ ပါဝင်တယ်လို့ မနေ့တုန်းကပဲ အမည်မဖော်လိုသူ အစိုးရ အရာရှိတဦးက ပြောဆိုခဲ့တာပါ။
အမေရိကန် ပြည်ထောင်စုက ရထားနဲ့ ခရီးသွား လုပ်ငန်းတွေကို တိုက်ခိုက်မယ့် အစီအစဉ်တွေနဲ့ အမေရိကန်ကို တိုက်ခိုက်တာဟာ ဘယ်လောက် အရေးကြီးတယ် ဆိုတာတွေကို ဖော်ပြထားတယ်လို့လည်း ဆိုပါတယ်။
အမေရိကန် ရေတပ် အထူးကွန်မန်ဒို တပ်ဖွဲ့ဖြစ်တဲ့ Navy SEALs က ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းက ခြံဝန်းထဲကို မေလ ၂ ရက်နေ့တုန်းက ၀င်ရောက်စီးနင်းပြီး သုတ်သင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း သိမ်းဆည်း ရမိခဲ့တဲ့ ဒီမှတ်တမ်းတွေကိုတော့ ဘင်လာဒင် ကိုယ်တိုင် ရေးသားထားတယ်လို့ ယုံကြည်ထားကြတာပါ။
တချိန်တည်းမှာပဲ ဒီလို စီးနင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စုအပေါ် နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားဖို့ အာရေဗျ ကျွန်းဆွယ်မှာရှိတဲ့ အယ်လ်ခိုင်းဒါး (Al Qaida) အဖွဲ့တခုဖြစ်တဲ့ ယီမင်နိုင်ငံ အခြေစိုက် နက်ဆာ အယ်လ်-၀ါဟီရှီ (Nasser al-Wahishi) အဖွဲ့ ခေါင်းဆောင်က သတိပေးလိုက်ပါတယ်။