သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas ကျန်းမာရေးလုပ်သားတဦး Ebola ကူးစက်ခံရ


အီဘိုလာဝေဒနာရှင်ကို ကုသမှုပေးခဲ့တဲ့ တက္ကဆက်က Health Presbyterian ဆေးရုံ။
အီဘိုလာဝေဒနာရှင်ကို ကုသမှုပေးခဲ့တဲ့ တက္ကဆက်က Health Presbyterian ဆေးရုံ။

အမေရိကန်ပြည်ထောင်စုမှာ အီဘိုလာရောဂါနဲ့ သေဆုံးသွားသူကို ပြုစုကုသပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတယောက်မှာ အီဘိုလာ Virus ပိုးရှိနေတာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ Texas ပြည်နယ်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

ဒါဟာဆိုရင် အမေရိကန်နိုင်ငံထဲမှာ ပထမဆုံး အီဘိုလာ Virus ပိုး ကူးစက်မှု ဖြစ်ပါတယ်။ ကနဦးစမ်းသပ်မှုတွေအရ အဲဒီကျန်းမာရေးဝန်ထမ်းမှာ အီဘိုလာ Virus ကူးစက်နေတာ တွေ့ခဲ့ရပြီး အဲဒီမတိုင်ခင် သောကြာနေ့ညက သူ့မှာကိုယ်အပူချိန် နည်းနည်းတက်နေတယ်လို့အသိပေးခဲ့ကြောင်း Texas ပြည်နယ် ကျန်းမာရေးဌာနက ဒီကနေ့ တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ Virus ပိုးကူးစက်မှုကို အတည်ပြုနိုင်ဖို့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန CDC က နောက်ထပ်စမ်းသပ်မှု လုပ်မှာဖြစ်ပါတယ်။ သူဟာ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး အီဘိုလာရောဂါဖြစ်တဲ့ ပြီးခဲ့တဲ့တပတ်ထဲ သေဆုံးသွားသူ Thomas Duncan တက်ရောက် ကုသမှုခံခဲ့ရာ Texas Health Presbyterian ဆေးရုံက ကျန်းမာရေးဝန်ထမ်း တယောက် ဖြစ်ပါတယ်။

သေဆုံးသွားသူ Duncan ကိုပြုစုကုသမှုပေးချိန်မှာ အခုရောဂါကူးနေသူ ကျန်းမာရေးဝန်ထမ်းဟာ CDC ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့သလို ကာကွယ်တဲ့ အဝတ်အစား အပြည့်အစုံကိုလဲ ဝတ်ဆင်ခဲ့တယ်လို့ Texas တာဝန်ရှိသူတွေက ပြောပါတယ်။ ခုလို ရောဂါဖြစ်နေသူကို ကုသပေးရင်း ကျန်းမာရေးဝန်ထမ်းမှာ ရောဂါလက္ခဏာတွေကို တေ့ွရှိခဲ့ရတဲ့အတွက် တခြားဘယ်သူတွေ ကူးစက်နိုင်ခြေရှိသလဲဆိုတာကို ကျန်းမာရေးတာဝန်ရှိသူတွေ သိနိုင်ဖို့နဲ့ စောင့်ကြည့်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

နောက်ထပ်တယောက်လည်း အီဘိုလာ Virus ပိုးကူးစက်နိုင်ခြေရှိတယ်ဆိုတာ သူတို့သိတဲ့အကြောင်းနဲ့ လိုအပ်တဲ့အတိုင်း ဆောင်ရွက်နေကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အီဘိုလာရောဂါအဆိုးဆုံးဖြစ်ပွားတဲ့ Liberia, Sierra Leone နဲ့ Guinea နိုင်ငံတွေက လာကြတဲ့ခရီးသည်တွေကို လေဆိပ်တွေမှာ အီဘိုလာရောဂါ စစ်ဆေးမှုတွေကို စနေနေ့က NY JFK လေဆိပ်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။ ယူကေနိုင်ငံမှာလည်း အီဘိုလာရောဂါဖြစ်သူရှိလာရင် လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ ကြိုတင်လေ့ကျင့်မှုတွေကို စနေနေ့က တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ခဲ့ပါတယ်။

XS
SM
MD
LG