အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့မှာ ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားနေတာမှာ (Texas) တက္ကဆက်ပြည်နယ်မှာတော့ ကူးစက်သူ ၁၄၆ ယောက် ရှိနေပြီး ကလေးငယ် ၁ ယောက် သေဆုံးသွားပြီလို့ ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူတွေ သောကြာနေ့တုန်းက ပြောဆိုပါတယ်။
ကာကွယ်ဆေးထိုးမထားတဲ့ ကျောင်းနေအရွယ်ကလေးငယ်တဦး သေဆုံးခဲ့ပြီး၊ ကူးဆက်ခံရသူ ၂၀ လောက်ကို ဆေးရုံတင် ကုသထားရတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အင်မတန် ကူးစက်လွယ်တဲ့ ဝက်သက်ရောဂါနဲ့ အမေရိကန်မှာ ပထမဆုံး သေဆုံးသူ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း အနီးကပ်စောင့်ကြည့်နေပြီး၊ ရောဂါဖြစ်ပွားနေမှုဟာ ထူးထူးခြားခြား မဟုတ်ဘူးလို့ ကျန်းမာရေးဝန်ကြီး Robert Kennedy Jr က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ တက္ကဆက်ပြည်နယ်မှာ ကာကွယ်ဆေးထိုးဖို့ ပြည်ထောင်စုဝန်ကြီးဌာနအနေနဲ့ ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပြီး၊ ရောဂါကူးဆက်ပြန့်ပွားမှု အဆုံးသတ်နိုင်ရေးကို ထိပ်တန်းဦးစားပေးအနေနဲ့ လုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းက New Jersey အနောက်ခြမ်းက California ပြည်နယ်အပါအဝင် ပြည်နယ် ၉ ခုမှာ ဝက်သက်ရောဂါ ကူးစက်မှုတွေ ရှိနေပြီး စုစုပေါင်းကူးစက်သူ ၁၆၄ ယောက် ရှိတယ်လို့ အမေရိကန်ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန CDC က သောကြာနေ့က ထုတ်ပြန်ထားပါတယ်။
ဝက်သက်ရောဂါ ကူးစက်မှုအများဆုံးက လောလောဆယ် တက္ကဆက်ပြည်နယ်မှာ ဖြစ်ပါတယ်။ ခရိုင် ၉ ခုလောက်မှာ ကူးစက်ပြန့်ပွားနေပြီး၊ ပြည်နယ်အနောက်ဘက်ဒေသမှာ ပိုမိုပြန်နှံကူးဆက်နေပါတယ်။ အထူးသဖြင့် Mennonite ဒေသမှာ အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ Gines ခရိုင်အတွင်း ကလေးတွေဟာ အိမ်မှာပဲ စာသင်တာနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ သင်ယူတာများပြီး၊ ကာကွယ်ဆေးမထိုးထားတဲ့ ကလေး ၁၄ ရာနှုန်းလောက် ရှိတယ်လို့ တက္ကဆက်ပြည်နယ် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
Forum