သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas သေနတ်ပစ်ခတ်မှု မိသားစု ပြဿနာအခြေခံ


လူ၂၆ဦးသေဆုံးခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က ဘုရားကျောင်းတခုအတွင်းပစ်ခတ်ခဲ့တဲ့သူဟာ သူ့ယောက္ခမနဲ့အဆင်မပြေတဲ့သူတဦးဖြစ်ပြီး တိုက်ခိုက်မှုမလုပ်ခင် ယောက္ခမဆီကို ခြိမ်းခြောက်စာတွေပေးခဲ့တယ်လို့ အာဏာပိုင်တွေက မနေ့ကပြောပါတယ်။

မှုခင်းစုံစမ်းစစ်ဆေးသူတွေက တနင်္ဂနွေနေ့မနက်ပိုင်း ဘုရားကျောင်းအတွင်း ဝတ်ပြုနေသူတွေကိုသေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့မှုနဲ့ပတ်သက်ပြီး ဘာရည်ရွယ်ချက်နဲ့အခုလို လုပ်ရသလဲဆိုတဲ့အချက်ကို အဓိကထား စုံစမ်း မှုတွေလုပ်နေတာပါ။ သေနတ်သမားဟာ၂၆နှစ်အရွယ် Devin Kelley ဖြစ်ပြီး အမေရိကန်လေတပ်ကနေ အထုတ်ခံခဲ့ရသူ လည်းဖြစ်ပါတယ်။

Sutherland Springs မြို့က First Baptist ဘုရားကျောင်းကို သေနတ်သမား Kelley ရဲ့ယောက္ခမတွေ တက်လေ့တက်ထရှိတယ်ဆိုပေမယ့် တနင်္ဂနွေနေတုန်းကတော့ သူတို့တွေ ဘုရားကျောင်းကိုမလာကြပါဘူး။ ဒါပေမဲ့ သေနတ်သမားဇနီးရဲ့ အဖွါးကတော့ ဘုရားကျောင်းတက်တာကြောင့် ပစ်ခတ်လို့သေဆုံးခဲ့သူတွေထဲမှာ ပါသွားပါတယ်။ အခုပစ်ခတ်မှုဟာ လူမျိုးရေး ရည်ရွယ်ချက်နဲ့လည်းမဟုတ်ဘူး။ ဘာသာရေးယုံကြည်ချက်ကြောင့်လည်း မဟုတ်ဘူး မိသားစုအတွင်းဖြစ်တဲ့ပြဿနာလို့ တက္ကဆက်ပြည်နယ် စုံစမ်းစစ်ဆေးရေးအရာရှိ Freeman Martin ကပြော ပါတယ်။

ဘုရားဝတ်ပြုနေသူတွေကို ပစ်ခတ်ပြီးဘုရားကျောင်းကနေထွက်ပြေးခဲ့တဲ့ သေနတ်သမား Kelley ဟာ သူ့ရဲ့ကား အတွင်းသေဆုံးနေတာကိုတွေ့ရပြီး သူ့ ကိုယ်သူပစ်တဲ့သေနတ် ဒဏ်ရာကြောင့်သေဆုံးခဲ့တာလို့ယုံကြည်ရ ကြောင်း စုံစမ်း စစ်ဆေးသူတွေကပြော ပါတယ်။

သေနတ်သမား Kelleyက သူ့ရဲ့ဖခင်ဆီ တယ်လီဖုန်းဆက်ပြီး ဘုရားကျောင်းကနေသူ အမြန်ပြေးလာခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်တာကိုကြားတဲ့ ဘုရားကျောင်းအနီးက လူတဦးနဲ့သူနဲ့အပြန်အလှန်ပစ်ခတ်ခဲ့ကြတဲ့ အကြောင်း သူကို ထိမှန်ထားတဲ့ဒဏ်ရာကြောင့် သူသေဆုံးလိမ့်မယ် လို့ထင်တဲ့ကြောင်း ပြောဆိုခဲ့တယ် လို့အာဏာပိုင် တွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG