သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas ပစ်ခတ်မှု ဒေသခံမြန်မာတွေ စိုးရိမ်


အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဒါးလက်စ်မြို့မှာ မနေ့ညပိုင်းက သေနတ်သမားတွေရဲ့ ခြောင်းမြောင်း ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့အတွက် ဒေသခံမြန်မာအသိုင်းအဝိုင်းကြား တုန်လှုပ်သွားခဲ့ကြပါတယ်။ အမေရိကန် သမိုင်းမှာ အဆိုးဆုံး ပစ်ခတ်မှုတွေထဲက တခုအဖြစ်၊ လုံခြုံရေးအတွက် စိုးရိမ်မှုတွေလည်း ပေါ်ပေါက်ခဲ့တာပါ။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ နန်းလောဝ် ကတင်ပြထားပါတယ်။

အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား ၂ ဦးကို လူဖြူရဲတပ်ဖွဲ့ဝင်တွေက လူဝီစီယားနား နဲ့ မင်နီဆိုးတားပြည်နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်သတ်ခဲ့တဲ့ သီးခြားဖြစ်ရပ်နှစ်ခု ဖြစ်ခဲ့တဲ့အပေါ် ဒါးလက်စ်မြို့မှာ ဆန္ဒပြနေတာကို လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ရတာပါ။ သေနတ်သမားအဖြစ် သံသယရှိသူ တဦးကိုတော့ အသေဖမ်းဆီးမိပြီး၊ တချို့ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ပစ်ခတ်မှု အဆုံးသတ်သွားပေမဲ့လည်း ဒါးလက်စ်မြို့မှာတော့ ပူပူနွေးနွေး အဖြစ်အပျက်ကြောင့် တုန်လှုပ်ခဲ့ကြတာပါ။

ဒါးလက်စ်မြို့က မြို့တော်ခန်းမမှာ အလုပ်လုပ်နေတဲ့ သန္ဒီကြွယ် ကတော့ အခြေအနေ တည်ငြိမ်စပြုပြီ ဖြစ်ပေမဲ့လည်း မြို့ခံတွေကြား စိုးရိမ်မှုတွေတော့ မပျောက်သေးဘူးလို့ ဆိုပါတယ်။

" ဒါးလက်စ်က ရဲတွေ၊ City Hall က အကုန်လုံးက Emergency Workers တွေ အကုန်လုံးက သူတို့အလုပ်ကို ကြိုးစားလုပ်ပြီးတော့ ပြည်သူတွေအတွက် ကာကွယ်နေပေမဲ့ ကိုယ့်စိတ်ထဲမှာတော့ စိုးရိမ်စိတ်က အမြဲရှိနေတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ Sniper Shooting ဆိုတဲ့အခါကျတော့ ဘယ်Building ကနေ ဘယ်ကနေ ပစ်မယ်မှန်းမသိဘူး။ ဗုံးကလည်း ဘယ်နားမှာ မြုပ်ထားမှန်း မသိဘူးလေ။ အမကလည်း အစိုးရဆီမှာ အလုပ်လုပ်တယ်ဆိုတော့ အခု အစိုးရ Building ထဲမှာပဲ ဖြစ်နေမလား ဘာလားဆိုတဲ့ စိုးရိမ်စိတ်က ရှိတယ်။ မနက်စောစောကို အမှောင်ထဲမှာ ကားမောင်းပြီးတော့ မသွားရဲဘူးပေါ့နော်။ ကြောက်စိတ်က ရှိတယ်ဆိုတဲ့အခါကျတော့ ကိုယ့်လုံခြုံရေးကို အဓိက ထားပြီးတော့ နည်းနည်းအလင်းထွက်မှပဲ အခုမှာမှ အလုပ်သွားနေတယ်ပေါ့နော်။ ဆိုတော့ ကိုယ်နေတဲ့မြို့လေ ဆိုတော့ ဘာပဲပြောပြော အဲ့လိုမျိုး ဖြစ်တယ်ဆိုတော့ အားလုံးအတွက်လည်း စိတ်မကောင်းဘူး။ အားလုံးလုံခြုံရေးအတွက်လည်း စိတ်ပူတယ်ပေါ့နော်။"

ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ မြောက်အတ္တလန္တိတ်စာချုပ် NATO အဖွဲ့ ထိပ်သီး အစည်းအဝေးကို ၂ ရက်ကြာတက်ဖို့ ရောက်နေတဲ့ အမေရိကန် သမ္မတ ဘရာ့ခ် အိုဘားမားကလည်း တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချပြီး အများပြည်သူ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေ အသက်စွန့် တာဝန်ထမ်းဆောင်နေတယ်ဆိုတာ ဒီဖြစ်ရပ်တွေကနေ ဝမ်းနည်းဖွယ် သတိပေးနေပါတယ်လို့ဆိုပြီး ဒီရဲတပ်ဖွဲ့ဝင်တွေ အားလုံးနဲ့ မိသားစုဝင်တွေအတွက် ဆုတောင်းပေးကြဖို့ အမေရိကန်နိုင်ငံသား အားလုံးကို တိုက်တွန်းခဲ့ပါတယ်။

၁၉၉၅ ခုနှစ်ကတည်းက Texas ပြည်နယ်မှာ အခြေချနေထိုင်နေတဲ့ မြန်မာနိုင်ငံက ကချင်တိုင်းရင်း Baptish Church က သင်းအုပ်ဆရာ လဆိုင်းလဗျ ကတော့ အရင်က မကြုံဖူးခဲ့တဲ့ အဖြစ်အပျက်ကြောင့် တုန်လှုပ်မိတဲ့အကြောင်း ပြောပါတယ်။

“စိုးရိမ်မှုတော့ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအသားအရောင်နဲ့ပတ်သက်တဲ့ ကိစ္စဖြစ်တာကိုး၊ အကယ်၍သာအခုဖြစ်တဲ့ မင်နီဆိုးတားမှာဖြစ်တဲ့ ကိစ္စတွေ၊ အခြားပြည်နယ်မှာဖြစ်တဲ့ ကိစ္စတွေမှာ ပစ်ခတ်ခံရတဲ့ လူတွေ များသောအားဖြင့် ကလည်း သာမာန် Traffic တွေနဲ့ ပတ်သက်ပြီးတော့ ရဲတွေကနေ အဲ.. ဒီများသောအားဖြင့် သူတို့တားဆီးတဲ့အခါတွေမှာ တွေ့ရတဲ့သူတွေက လူမည်းတွေဖြစ်လို့ပေါ့နော်။ အဲ့လိုမျိုး။ အကယ်၍သာ လူဖြူသာဖြစ်မယ်ဆိုရင် ရဲတွေက ပစ်သတ်တာဖြစ်မှာ မဟုတ်ဘူးလို့ကျွန်တော် ယူဆတယ်။ ကျွန်တော်လည်း စဉ်းစားမိတာပေါ့၊ ဒါဟာ အကယ်ရွေ့သာ ကျွန်တော်တို့သာ အဲ့ဒီနေရာမှာရောက်နေခဲ့ရင် အဲ့လိုမျိုးကြုံနိုင်တယ်ဆိုတဲ့စိတ်က အများကြီးရှိတယ်။ ဒါကတော့ ကြောင့်ကျမှု တခုပေါ့လေ။ အဲ့တာမျိုးစိုးရိမ်မှုရှိတယ်။ဆိုတော့ အဓိက ကတော့ ကျွန်တော်တို့ ဒီလိုကိစ္စကတော့ ဒီ.. ရဲနဲ့ ပြည်သူလူထုကြားမှာ ကွာဟမှုဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော် တွေ့မြင်မိတယ်။ဆိုတော့ လူထုနဲ့ ပြည်သူလူထုနဲ့ ရဲတွေက အမြဲတမ်း တလုံးတစည်းထဲ၊ တသွေးတသားထဲ ဖြစ်ဖို့ကတော့ အများကြီးတည်ဆောက်ရမယ်လို့ ကျွန်တော်မြင်ပါတယ်”

ဒါးလက်စ်မြို့ ပစ်ခတ်မှုဟာ အမေရိကန်မှာ နှစ်ပေါင်း ၁၀၀ အတွင်း လုံခြုံရေးအာဏာပိုင်တွေအပေါ် အဆိုးရွားဆုံး တိုက်ခိုက်ခံရမှုတွေထဲမှာ တခုအပါအဝင် ဖြစ်ခဲ့သလို၊ ရဲတပ်ဖွဲ့ဝင် ၇၁ ယောက် သေဆုံးခဲ့ရတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း ရဲတပ်ဖွဲ့ဝင် အများဆုံး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှု တခုလည်း ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG