သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဲကုန်းအခြေအနေ တင်းမာဆဲ


Thegon Map
Thegon Map
ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲမှာတော့ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။ အကြမ်းဖက်မှုတွေစခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်မှာတော့ ဒီကနေ့မှာ မြို့မဈေးကြီး ပြန်ဖွင့်နေပြီး အခြေအနေဟာ တည်ငြိမ်စ ပြုနေပြီလို့ မြို့ခံတွေကပြောပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ မြို့နယ်တွေနဲ့ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားတဲ့နေရာတွေမှာတော့ စစ်တပ်က စစ်ကားတွေနဲ့ကင်းလှည့်ပြီး စောင့်ကျပ်နေ တယ်လို့ဆိုပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားအောင် မီးရှို့ဖျက်ဆီးမှုတွေလုပ်ဖို့ လူအုပ်စုတချို့ကနေ ကြိုးစားလုပ်ဆောင်လာတဲ့အတွက် ပဲခူးတိုင်းဒေသကြီး သဲကုန်းခရိုင်ထဲမှာ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားရပါတယ်။ စစ်တပ်က မြို့ထဲမှာ တပ်စိပ်တွေ အင်အားတိုးချထားပြီး မြို့ခံလူထုနဲ့ ပူးပေါင်းလုံခြုံရေးယူထားရတဲ့ အနေအထားဖြစ်တယ်လို့ သဲကုန်းဒေသခံတွေက ပြောပါတယ်။ ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲက ပုတီးကုန်းမြို့တွင်းမှာ ဗလီတလုံးအပါအဝင် အိမ်တချို့ အဖျက်ခံခဲ့ရပြီး မြို့မနဲ့ အင်းမဘက်မှာတော့ ဈေးဆိုင်တွေ နဲ့ နေအိမ်တချို့ အဖျက်ဆီးခံခဲ့ရပါတယ်။

သဲကုန်းမြို့မှာတော့ အထိအခိုက်မရှိဘူးလို့ သဲကုန်းဒေသခံ ဦးသိန်းထွန်းက ပြောပါတယ်။ သဲကုန်းမြို့နယ်ထဲမှာတော့ ဘာသာရေးအဆောက်အဦးကို ဖြိုဖို့အတွက် လူအုပ်စုလိုက် အကြမ်းဖက်ဖို့ ရောက်လာတဲ့အချိန်မှာ စစ်တပ်က လုံခြုံရေးအပြည့် ယူပေးထားတဲ့အတွက် နောက်ဆုတ်သွားကြတယ်လို့လည်း သူကဆက်ပြောပါတယ်။

“နယ်ဘက်ကလူတွေက ဗလီဖျက်ဖို့ဆိုပြီး တက်လာတယ်။ တက်လာတော့ တပ်က ရောက်နေပြီလေ။ တပ်ကရောက်နေပြီဆိုတော့ တပ်က မဖျက်ဖို့ပြောတယ်။ ဖျက်ရင်ပစ်မယ်လို့ပြောတယ်။ သေနတ်တွေ ဘာတွေ မောင်းတင်တော့ ပြန်သွားကြတယ်။ ပုတီးကုန်းမှာ ဗလီအဖျက်ခံရတယ်။ နေအိမ် နှစ်လုံးသုံးလုံး အဖျက်ခံရတယ်။ ဆိုင်နှစ်ခု အဖျက်ခံရတယ်။ အင်းမဘက်မှာလည်း ဆိုင်တွေအဖျက်ခံရတယ်။”

သဲကုန်းမြို့နယ်တွင်းက မူစလင်တွေကို ဒေသခံတွေက လုံခြုံတဲ့နေရာတွေမှာ ဖွက်ပေးထားပြီး မြို့ခံလူငယ်တွေက လုံခြုံရေးယူထားကြတယ်လို့ သိရပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ သဲကုန်းမြို့ထဲမှာ ည ၆ နာရီကနေ မနက် ၅ နာရီ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး မြို့နယ်တွင်းမှာ လူအုပ်စုလိုက်သွားလာခွင့်မပြုဘဲ မသင်္ကာသူမှန်သမျှကို စစ်ဆေးနေပြီး ပုဒ်မ ၁၈၈ ထုတ်ပြန်ထားပါတယ်။ သဲကုန်းမြို့နယ်တွင်း မြို့တွေမှာတော့ စစ်တပ်က တပ်စိပ်တွေတိုးချထားပြီး မြို့လယ်တွေမှာ နေရာယူပြီး တပ်စွဲထားတယ်လို့လည်း သိရပါတယ်။

“ည ၆ နာရီနဲ့ မနက် ၅ နာရီ curfew ထုတ်ထားတယ်။ ညဆို လူတွေအားလုံးစစ်တယ်။ လူအုပ်စုနဲ့လက်မခံဘူး။ တပ်ကရောက်ပြီးတော့ မြို့လယ်ခေါင်က စာကြည့်တိုက်မှာ ချထားတယ်။ ဇီးကုန်းမှာလည်း ဒီလိုပဲ။ မြို့လယ်ခေါင်က ပြန်ကြားရေးတနေရာမှာ တပ်ဆွဲထားတယ်။”

သဲကုန်းဘက်မှာ ဒီနေ့အခြေအနေကတော့ ငြိမ်သက်နေပြီး ပဲခူးတိုင်း အနောက်ဘက်ခြမ်း တလွှားက နတ္တလင်း၊ ဇီးကုန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့တွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်ပြီး စစ်တပ်နဲ့ရဲလုံခြုံရေးတွေက လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့သိရပါတယ်။

ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာခရိုင် မိတ္ထီလာမြို့ထဲမှာတော့ ဒီနေ့မှာ မြို့မဈေးကြီးပြန်ဖွင့်လိုက်ပြီဖြစ်ပြီး မြို့တွင်းအခြေအနေဟာ တည်ငြိမ်စပြု လာနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ခြုံရေးအခြေအနေ ကောင်းလာပြီဖြစ်လို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ မူစလင်တချို့ကလည်း သူတို့ရဲ့ နေအိမ်တွေဆီကို ပြန်ခွင့်တောင်းပြီး ပြန်နေကြတဲ့ အတွက် ဒေသခံလူငယ်အဖွဲ့တွေက လိုက်လံပို့ဆောင်ပေးနေတယ်လို့ မိတ္ထီလာမြို့ခံ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“ဒီနေ့တော့ ဈေးပြန်ဖွင့်တယ်လို့ ကြားတယ်။ အခု တချို့ အမှတ် (၃) ကျောင်းက မူစလင်တချို့က ဆိုလို့ရှိရင် သူတို့ရပ်ကွက်က မီးလည်းမလောင်တဲ့အတွက် ပြန်ချင်ပါတယ်လို့ ဆိုပြီး ဌာနဆိုင်ရာကို ပြောပေးပါဆိုလို့ ကျမ စောစောကပဲ ပြောပေးလိုက်တယ်။ ပြန်ချင်လို့ရှိရင် ကိုယ့်အိမ်ကိုယ်ပြန်လို့ရတယ်လို့ဆိုတော့ သူတို့ပြန်လို့မရသေးလို့ပါတဲ့။ အဲဒီနေရာတွေမှာ နေရတာကတော့ အဆင်မပြေနိုင်ဘူးဆိုတာတော့ ရှိမှာပေါ့လေ။ စိုးရိမ်တာကတော့ မြန်မာလူမျိုးတွေကလည်း စိုးရိမ်တာပဲ။ မူစလင်တွေကလည်း စိုးရိမ်တာပဲ။ အခြေအနေတခုကို စိတ်အေးချမ်းသာတဲ့ အခြေအနေတခုရောက်အောင်တော့ အချိန်နည်းနည်း စောင့်ရမယ်ထင်တယ်။”

အရေးပေါ်အခြေအနေ မရုပ်သေးတဲ့ မိတ္ထီလာမြို့တွင်းအခြေအနေကတော့ ပုံမှန်အနေအထားအထိ မရောက်သေးပေမဲ့လည်း လုံခြုံရေးကို မြို့ခံလူထုနဲ့အတူ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက အလှည့်ကျမြို့ကိုပတ်ပြီး ကင်းလှည့်နေကြတယ်လို့ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“မြို့ထဲကတော့ ပုံမှန်ပြောလို့ရပါတယ်။ ည ညတော့ စောင့်နေကြရတယ်။ ည ၇ နာရီကနေ မနက်ခင်း ၅ နာရီအထိအောင် အလှည့်ကျ လှည့်ကြတယ်တဲ့။ ရဲကတော့ အထိုင်ပဲပေါ့။ စစ်ကားတွေလှည့်တယ်တဲ့။ စစ်ကားပေါ်မှာ တက်လိုက်တဲ့သူက နောက်တပတ် ခြေလျှင် လှည့်တယ်တဲ့။ ခြေလျှင်လှည့်တာရော၊ ကားနဲ့လှည့်တာရော အဲဒီလိုမျိုး မြို့မိမြို့ဖတွေက ပြောတာပေါ့။ လုပ်ငန်းတွေကလည်း နည်းနည်းတော့ ပြန်စနေပြီဒီမှာ။ စခန်းတွေမှာလည်း လှူတာလေးတွေတော့ ဆက်တော့လာနေတယ်လို့ ကြားမိတယ်။ ဒါပေမဲ့ ရေအခက်အခဲ ဆိုတာလေးတွေလည်း နည်းနည်းတော့ ရှိတယ်။ အခြေအနေက ပြန်တည်ငြိမ်အောင် ကြိုးစားနေရတဲ့ အနေအထားလို့ ပြောလို့ရတယ်။”

ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၁၃ ထဲမှာတော့ မတ်လ ၂၀ ရက်နေ့ကနေ ဒီနေ့အထိ မြို့နယ် ၁၅ မြို့နယ်မှာ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း၊ အဆောက်အဦး ၁,၃၅၅ လုံး နဲ့ ယာဉ်မျိုးစုံ ၃၉ စီးပျက်စီးဆုံးရှုံးကြောင်း၊ လူဦးရေ ၁၁,၃၇၆ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၆ ခုမှာ လူဦးရေ ၉,၀၆၅ ဦးကို စောင့်ရှောက် ထားကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြစ်မှု ကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီ အရေးယူရန် ဆောင်ရွက်နေကြောင်းလည်းဖော်ပြထားပါတယ်။
XS
SM
MD
LG