သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပိုင်နက်ထဲ ထိုင်းငါးဖမ်းလှေတွေ ပစ်ခံရ


ထိုင်းရေတပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့များ မြန်မာရေတပ်ရဲ့ ပစ်ခတ်ခြင်းခံရတဲ့ ထိုင်းငါးဖမ်းစက်လှေကို ကူညီကယ်ဆယ် (Photo: Thai Navy)
ထိုင်းရေတပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့များ မြန်မာရေတပ်ရဲ့ ပစ်ခတ်ခြင်းခံရတဲ့ ထိုင်းငါးဖမ်းစက်လှေကို ကူညီကယ်ဆယ် (Photo: Thai Navy)

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ပင်လယ်ပြင်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့တာမှာ ငါးဖမ်းသမား ၁ ယောက် သေဆုံးခဲ့ပြီး ၃၁ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းရေတပ်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ စနေနေ့ မနက်မိုးမလင်းခင်အချိန်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကို ထိုင်းဘက်က စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီး လည်းဖြစ်တဲ့ Phumtham Wechayachai က ပြောကြားခဲ့ပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းတင်ပြပေးဖို့ သက်ဆိုင်ရာ အောက်ခြေအဖွဲ့အစည်းတွေကို ညွှန်ကြားထားပါတယ်။ ထိုင်းငါးဖမ်းစက်လှေတွေ မြန်မာရေပိုင်နက်အတွင်း အမှန်တကယ် ဝင်ရောက်တာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောဆိုသွားတာပါ။
ငါးဖမ်းစက်လှေ ၁ စီးပေါ်က ထိုင်းနိုင်ငံသား ၄ ယောက်၊ မြန်မာနိုင်ငံသား ၂၇ ယောက်၊ စုစုပေါင်း ရေလုပ်သား ၃၁ ယောက်ကိုလည်း မြန်မာဘက်က ဖမ်းဆီးခေါ်သွားတယ်လို့လည်း ထိုင်းရေတပ်ဘက်က ပြောပါတယ်။

မြန်မာရေပိုင်နက်ထဲ ဝင်ရောက်နေတဲ့ ထိုင်းငါးဖမ်းသင်္ဘော ၁၅ စီးထဲက ၂ စီး ပစ်ခတ်ခံရတယ်လို့ ထိုင်းကာကွယ်ရေးဌာန ပြောခွင့်ရ Thanatip Sawangsang ကလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ငါးဖမ်းသမား ၃၁ ယောက်ပါတဲ့ ငါးဖမ်းသင်္ဘောကို မြန်မာဘက်က ဖမ်းဆီးသွားကြောင်းနဲ့ သူတို့ ပြန်လွတ်လာရေးအတွက် ထိုင်းရေတပ်က ညှိနှိုင်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ပစ်ခတ်မှုဖြစ်စဉ် ငါးဖမ်းသမား ၂ ‌ယောက် ရေထဲခုန်ချ ထွက်ပြေးဖို့ ကြိုးစားစဉ် ၁ ယောက် သေဆုံးပြီး၊ ၂ ယောက်ကိုတော့ ထိုင်းဘက်က ကယ်တင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ မြန်မာဘက်က ဖမ်းသွားတဲ့ ၃၁ ယောက်မှာ ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ မြန်မာ ၂၇ ယောက် ပါသွားပုံရတယ်လို့ ထိုင်းရေတပ် တပ်မှူးကြီး တယောက်က ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မြန်မာဘက်က တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Forum

XS
SM
MD
LG