သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းနဲ့မြန်မာလက်မှတ်ထိုး


မြန်မာသမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ်တို့ ထိုင်းအစိုးရအိမ်တော်မှာ သတင်းစာရှင်းလင်းပွဲကျင်းပစဉ်။ (ဂျူလိုင်လ ၂၃၊ ၂၀၁၂။)
မြန်မာသမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ်တို့ ထိုင်းအစိုးရအိမ်တော်မှာ သတင်းစာရှင်းလင်းပွဲကျင်းပစဉ်။ (ဂျူလိုင်လ ၂၃၊ ၂၀၁၂။)
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး ပြုပြင်ပြင်ပြောင်းလဲမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ် တယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ထပ်လောင်း ပြောကြားလိုက်ပါတယ်။ နိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားအရ ထိုင်းနိုင်ငံကို ၃ ရက်ကြာ တရားဝင် အလည်အပတ်ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန် က ဒီကနေ့ အစိုးရအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလို ပြောဆို သွားတာပါ။ ဒီကနေ့ ထိုင်းနဲ့ မြန်မာအကြား နားလည်မှု စာချွန်လွှာတွေလည်း လက်မှတ်ရေးထိုးခဲ့တယ်ဆိုတော့ ဘယ်လို အကြောင်းအရာတွေ သဘောတူခဲ့ကြတယ်ဆိုတာ ထိုင်းအစိုးရအိမ်တော်မှာ ကိုယ်တိုင် သတင်း သွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ထိုင်းနဲ့ မြန်မာအကြား နှစ်နိုင်ငံ အကျိုးတူ စီးပွားရေးကိစ္စရပ်တွေ၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ကြမယ့်ကိစ္စတွေအတွက် နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေး ထိုးခဲ့ကြတာပါ။

သမ္မတ ဦးသိန်းစိန်ကတော့ သူ့အနေနဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ရဲ့ ဖိတ်ကြားချက်အရ အခုလို ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ခြင်းဖြစ်ကြောင်း အစချီပြီး နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ သဘောတူညီချက်တွေကို အခုလို စပြောပါတယ်။

“အခုလို ကျနော်တို့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲ မတိုင်မီကလေးမှာပဲ ကျနော်တို့ နှစ်နိုင်ငံကြား ကာလရှည်ကြာရှိခဲ့တဲ့ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေး ပိုမိုပြီးတော့ ခိုင်မြဲဖို့အတွက် ထိုင်းဝန်ကြီး ချုပ်နဲ့ ကျနော်တို့ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးတဲ့နေရာမှာ ထိုင်းဝန်ကြီးချုပ် အနေနဲ့ ကျနော်တို့အစိုးရရဲ့ ဆောင်ရွက်လျှက်ရှိတဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို အသိအမှတ်ပြုကြောင်းနဲ့ ထောက်ခံအားပေးကြောင်း ကျနော်တို့ ဖော်ထုတ် ဆွေးနွေး ပြောကြား သွားခဲ့ပါတယ်။ ပြည်သူတို့ရဲ့ လူနေမှုဘဝ မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်တဲ့နေရာမှာ ပ့ူးပေါင်းဆောင်ရွက်မှုတွေကို မြှင့် တင် ဆောင်ရွက်သွားရေးနဲ့ ထားဝယ်ဆိပ်ကမ်းနဲ့ ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် ဆက်သွယ်မှု အပါအဝင် မြန်မာနဲ့ ထိုင်းနိုင်ငံကြားမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေ မြှင့် တင်ရေး၊ နောက် မြန်မာနိုင်ငံရဲ့ အဖွဲ့အစည်းများရဲ့ လုပ်ငန်း စွမ်းဆောင်ရည်နဲ့ အဖွဲ့အစည်း တည်ထောင်မှု ဆောင်ရွက်မှုမြှင့်တင်ရေး-ဒီကိစ္စတွေကို ဆောင်ရွက်တဲ့အခါမှာလည်း ထိုင်းနိုင်ငံ ဘက်က ကူညီဆောင်ရွက်ပေးသွားမယ့်အကြောင်း ပြောကြားသွားပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွား မှာ ဖြစ်တယ်ဆိုတာကိုလည်း ထည့်သွင်း ပြောကြားသွားပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့အတွက် နိုင်ငံရေး၊ စီး ပွားရေး၊ ပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်တဲ့နေရာမှာ ထောက်ခံအားပေးတဲ့ ထိုင်းအစိုးရ နဲ့ ပြည်သူတွေကို ကျနော့်အနေနဲ့ ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားလိုပါတယ်။ ကျနော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ဆောင်ရွက်သွားဖို့အတွက် ဆုံးဖြတ် ထားကြောင်းကိုလည်း အနူးအညွတ် ပြောကြားလိုပါတယ်။”

နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြတဲ့ နားလည်မှု စာချွန်လွှာတွေ၊ တခြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ၊ ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံကို အကူအညီပေးမယ့် ကိစ္စရပ်တွေကိုတော့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကပဲ နှစ်နိုင်ငံကိုယ်စား ရှင်းလင်း ပြောကြားခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ နားလည်မှု စာချွန်လွှာ ၃ ခု ဒီကနေ့ လက်မှတ်ရေးထိုးခဲ့ကြတဲ့အကြောင်းလည်း ပါဝင်ပါတယ်။

“သူပြောသွားတာကတော့ - ပထမ နားလည်မှုစာချွန်လွှာကတော့ ဘက်ပေါင်းစုံပါဝင်တဲ့ ထားဝယ် အထူးစီးပွားရေးဇုံ တည်ထောင်ရေးဖြစ်ပြီး ဒါကလည်း ထားဝယ် ရေနက်ပိုင်း စီမံကန်း အမြန်ဆုံး အကောင်အထည်ဖော် ပြီးစီးနိုင်အောင် ရည်ရွယ်ချက်နဲ့ လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုပါတယ်။ ဒုတိယ နားလည်မှုချွန်လွှာကတော့ မြန်မာနိုင်ငံအတွင်းက ဖွံ့ဖြိုးမှုတွေအတွက် ပူးပေါင်း ဆောင်ရွက်ရေးဖြစ်ပြီး တတိယ နားလည်မှု စာချွန်လွှာကတော့ လောင်စာစွမ်းအင်ဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် အဖွဲ့တခု တည်ထောင်ရေးတို့ဖြစ်တယ်” လို့ ဝန်ကြီးချုပ် ယင်းလပ်က ထိုင်းလို ပြောသွားတာပါ။

ဒါ့အပြင် လူသားအရင်းအမြစ်ကိုအခြေခံတဲ့ လုပ်ငန်းတွေနယ်ပယ်တွေ တိုးတက် ဖွံ့ဖြိုးမှုရှိလာအောင် ကူညီ ဆောင်ရွက်ပေးရေး၊ ၂၀၁၄ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့အခါ အဆင်သင့်ဖြစ်အောင် ကူညီပံ့ပိုးပေးရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ ရေရှည်တည်တံ့မယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် ကူညီပေးရေး၊ နောက်ဆုံး နံပတ်လေးအချက်ကတော့ အခြေခံ အဆောက်အဦးတွေ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကူညီလုပ်ဆောင်ပေးရေး စတဲ့ ကဏ္ဍ ၄ ခုမှာလည်း ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို ကူညီ လုပ်ဆောင်ပေးမယ်ဆိုတာကို ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားသွားပါတယ်။

ထားဝယ် ရေနက်ပိုင်း စီမံကိန်းနဲ့ တဆက်ထဲမှာပဲ ဒေသခံလူထုအတွက် ဖွံ့ဖြိုးရေး အစီအစဉ်တွေ၊ ဒေသတွင်း ဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ စက်မှုလုပ်ငန်းတွေ တိုးချဲ့ လုပ်ဆောင်နိုင်ရေးတွေကို လေ့လာ သုတေသနလုပ်မယ့် လုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးကော်မီတီ တရပ် ဖွဲ့စည်းသွားဖို့အတွက်လည်း သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဒေသတလျောက်က စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ဖို့ ရည်ရွယ်တဲ့အနေနဲ့ လက်ရှိ ရှိပြီးသား နယ်စပ် ဖြတ်ကျော်ရေး ဂိတ်တွေအပြင် ချင်းမိုင်၊ မဲဟောင်းဆောင်နဲ့ ကံချနဘူရီ ခရိုင်အတွင်းတို့မှာ နောက်ထပ် အမြဲတမ်း နယ်စပ် ဖြတ်ကျော်ရေး ဂိတ်သစ်တွေ တိုးချဲ့ ဖွင့်လှစ်သွားဖို့အတွက်လည်း သဘောတူညီမှု ရခဲ့တယ်လို့ ဝန်ကြီးချုပ် ယင်းလပ်က ပြောပါတယ်။ ဒါတွေအပြင် တခြား ယာယီ နယ်စပ် ဖြတ်ကျော်ဂိတ်တွေ ဖွင့်လှစ်နိုင်ဖို့အတွက်လည်း ထိုင်းအစိုးရအနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံထဲမှာ ရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေအရေးကိစ္စနဲ့ ပတ်သက်လို့လည်း သူတို့ကို တရားမျှစွာ ပြုပြင်မှု ဆက်ဆံအောင် ထိုင်းအစိုးရအနေနဲ့ ကူညီ လုပ်ဆောင်ပေးသွားမယ်လို့ ဝန်ကြီးချုပ် ယင်းလပ်က ပြောပါတယ်။

ဒီအချက်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို လာရောက်စဉ်က မြန်မာ အလုပ်သမားတွေနဲ့ တွေ့ဆုံပြီးတဲ့အခါမှာ တောင်းဆိုခဲ့တဲ့ အချက်လည်း ဖြစ်ပါတယ်။


ဒီခရီးစဉ်ဟာ သမ္မတ ဦးသိန်းစိန်အနေနဲ့ သမ္မတဖြစ်ပြီးမှ ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ် လာရောက် လည်ပတ်ခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံကို တက်ရောက်ဖို့ စီစဉ်ခဲ့ပေမယ့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ တက်ရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်ကတော့ အဲဒီ ခရီးစဉ်ကို အနားကပ်မှ ဖျက်သိမ်းခဲ့တာပါ။

သမ္မတဦးသိန်းစိန်ဟာ မနက်ဖြန်မနက်ပိုင်းမှာ မြဘုရားကိုသွားလည်ပြီး ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတာပါ။ မနက်ဖြန် အင်္ဂါနေ့ ညနေမှာတော့ မြန်မာနိုင်ငံကို ပြန်မယ်လို့ သိရပါတယ်ခင်ဗျား။
XS
SM
MD
LG