သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစက်ရုံပေါက်ကွဲမှု မြန်မာ အများအပြား ဒဏ်ရာရ


ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာရှိတဲ့ Andaman Sea Food အလုပ်ရုံက ငါးသိုလှောင်ရာ အအေးခန်းက ဓာတ်ငွေ့ ပေါက်ကွဲရာ ကနေ မြန်မာ အမျိုးသမီး အလုပ်သမား တော်တော်များများ ထိခိုက် ဒဏ်ရာ ရရှိခဲ့သလို တချို့ဆို အသက်အန္တရာယ် ထိခိုက်မယ့် အနေအထားမှာ ရှိနေတယ်လို့ အလုပ် သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင် ထိခိုက်မှု လျော်ကြေး တောင်းဆိုဖို့ကလည်း ရနောင်း မြို့ဒေသမှာ အလုပ်သမားအရေး အကူအညီပေးတဲ့ လူမှု အဖွဲ့အစည်းတွေ မရှိတဲ့ အနေ အထားကြောင့် အလုပ်သမားတွေရဲ့ထိခိုက်နစ်နာမှုတွေကို တောင်းဆိုတဲ့ အခွင့်အရေးတွေ မရရှိဘူးလို့လည်း ပြောဆိုမှု တွေ ရှိနေပါတယ်။

ဒီအခြေအနေတွေကို ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့ထဲက Andaman Sea Food ပန်းရောင်အသင်းအလုပ်ရုံထဲက အအေးခန်း ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲခဲ့လို့ ဓာတ်ငွေ့ရှူမိတဲ့ မြန်မာအလုပ်သမား (၂၇) ဦးနဲ့ ထိုင်းလူမျိုးနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး အရေးပေါ် ဆေးဝါး ကုသခံနေရတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။ မနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုက ထိခိုက် ဒဏ်ရာ ရတဲ့သူတွေ တချို့ကို ဆေးရုံတင်ထားရသလို အများအားဖြင့် အမျိုးသမီးတွေဖြစ်တယ်လို့ Andaman Sea Food ငါးအလုပ်အလုပ်ရုံက အလုပ်သမတဦးက အခုလိုပြောပါတယ်။

“ဆေးရုံမှာပေါ့နော် (၁၄) ယောက်ထိထားတယ်။ (၁၁) ယောက်ကိုကျတော့ သူတို့ဆေးလေးတွေ ထည့်ပြီးတော့ ပြန်ပို့လိုက်တယ်။ (၃) ယောက်ကကျတော့ ဆေးရုံမှာ ဆေးကုသ ခံယူနေတယ်။ ၂ ယောက်နီးပါးက သေခါနီးလို့ ပြောတယ်။ အခြေအနေကိုလည်း ဆရာဝန်တွေ စောင့်ကြည့်နေ တယ်ပေါ့။ (၁၄) ယောက်စလုံးက အမျိုးသမီးတွေချည်းပဲ။ ဒီဆေးရုံမှာ ရှိတဲ့လူတွေအတွက် က ဆေးရုံဘတ် (လက်မှတ်) လုပ်ထားတဲ့ အတွက်ကြောင့် တယောက်ကို (၃၀) အနေနဲ့ပဲ။ ကျန်တဲ့ ထိခိုက်နစ်နာမှုတွေ ထပ်ပေးမလား မပေးဘူးလား အဲဒါတော့ အတိအကျမသိရသေးဘူးရှင့်။”

ထိခိုက်ဒဏ်ရာရတဲ့ တချို့ အလုပ်သမားတွေကတော့ တခြား အလျဉ်းသင့်တဲ့ ဆေးခန်းတွေမှာ လည်း ဆေးဝါးကုသမှု ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ Andaman Sea Food ငါးအလုပ်အလုပ်ရုံက ငါးသိုလှောင်ရာအအေးခန်းက ဓာတ်ငွေ့ပေါက်ကွဲ မှု ဖြစ်ပွားနေတဲ့ အခြေအနေမှာ လုပ်ငန်းကြိကြပ်သူတွေကနေ အပြင်ထွက်ခွင့်မပေးဘူးလို့လည်း အခုလို ဆက်ပြောပြပါတယ်။

“စစချင်း တချက်ပေါက်တုန်းက ထွက်ပြေးမယ်လို့ ပြောရော။ အဲဒီဘော်ဒီဆပ် (အလုပ်ကြိကြပ်သူ) တွေက ပြောတယ်။ ထွက်ပြေးရင် သူတို့ အလုပ်ရုံမှာ လုံး၀ မလုပ်ခိုင်းတော့ဘူး ဆိုတော့ အဲဒါကြောင့်မို့ ပြန်နေရတယ်။ မပြေးနဲ့ဦးဆိုတော့ လူတွေက မပြေးဘူး။ နောက်တခေါက်မှာ ထပ်ပေါက်တော့မှ ပြေးထွက်လာတဲ့အခါကျမှ အဲဒီမှာဒဏ်ရာထိသွားတယ်။ အဲဒီ စက်ရုံက ဂက်စ်ပေါက်တာ တခါနှစ်ခါ မကတော့ဘူး။”

Andaman Sea Food ငါးအလုပ်အလုပ်ရုံမှာ ငါးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား (၃၀၀၀) လောက် ရှိနေပါတယ်။ ရနောင်းမြို့ထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကို အကာကွယ်ပေးတဲ့အဖွဲ့ မရှိသေးသလို လုပ်ငန်းခွင် ထိခိုက် နစ်နာကြေး တောင်းဆိုဖို့ကလည်း မဖြစ်နိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့လည်း ပြောပါတယ်။

“ရနောင်းမှာရှိတဲ့ မြန်မာလူမျိုးတွေဟာ များသောအားဖြင့် ကြောက်ကြတယ်။ ရှမ်း(ထိုင်း)ကို ပြီးတော့ သူတို့ နားမလည် ကြဘူး။ စာမတတ်တာတွေ အရမ်းများတဲ့အခါကျတော့ နည်းနည်းလေးခြောက် လိုက်တာနဲ့ အရမ်းကြောက်တဲ့ အနေ အထားမျိုး။ ဒီဘက်မှာကျတော့ အလုပ်သမား အခွင့်အရေးတွေ မဝင်ရဲဘူး။ ဟိုတုန်းက နာမည်ကြီးတာ World Vision တခုရှိတယ်။ World Vision ကလည်း သူတို့ ရှမ်းအချင်းချင်းကျတော့ သူတို့ လျှော် လျှော်ပစ်လိုက်တာ။ တကယ့် တကယ် ပြဿနာ ဖြစ်လာတဲ့ အခါကျရင် သူတို့ World Vision ကလည်း လက်မခံပေးဘူး။ အဲဒီတော့ လူ့အဖွဲ့အစည်းဟာ ဒီဘက် မှာ အရမ်းနည်းနေတယ်။ မရှိသလောက်ဖြစ်နေတယ်။ မကျေနပ်လည်း အမြဲတမ်း အနစ်နာခံနေရတဲ့ အနေအထားမှာပေါ့။”

Andaman Sea Food ငါးအလုပ်အလုပ်ရုံကအလုပ်သမားတွေအနေနဲ့ တဦးချင်း လုပ်အားခငွေ ဘတ် (၂၀၀) ရရှိပြီး အချိန်ပို ဆင်းရင် တနာရီ ဘတ်သုံးဆယ်နှုန်း ရရှိကြပါတယ်။ အဲဒီစက်ရုံဟာ ပင်လယ်ပြင်က ဖမ်းဆီးလာတဲ့ငါးတွေကို ခွဲခြမ်း စိတ်ဖြာ ထုတ်ပိုးသိုလှောင်ပြီး ထိုင်းနိုင်ငံအတွင်း နဲ့ ပြည်ပကို ပို့ဆောင်နေပါတယ်။
XS
SM
MD
LG