သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်တပ် အကြီးအကဲ ရွေးကောက်ပွဲ မဲဆွယ်


ထိုင်းစစ်တပ် အကြီးအကဲ ရွေးကောက်ပွဲ မဲဆွယ်
ထိုင်းစစ်တပ် အကြီးအကဲ ရွေးကောက်ပွဲ မဲဆွယ်

ထိုင်းနိုင်ငံမှာ နောက်လထဲကျရင် ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ လူကောင်းတွေကို ရွေးချယ်ကြဖို့နဲ့ ဘုရင်ကို အကာအကွယ်ပေးကြဖို့ ထိုင်းစစ်တပ် အကြီးအကဲက ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချ (Prayut Chan-O-Cha) ရဲ့ ပြောဆိုမှုကို မနေ့ကညပိုင်း ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့တာပါ။

ထိုင်းနိုင်ငံ ဘုရင်စနစ်ကို မလေးမစားလုပ်တဲ့ သက်သေ အထောက်အထားတွေ ပျံ့နှံ့နေတာကို လုံခြုံရေး တပ်ဖွဲ့တွေက ရှာဖွေတွေ့ရှိထားတယ်လို့ ဗိုလ်ချုပ်ကြီး ပရာယုက ပြောပါတယ်။

မဲပေးကြမယ့် ပြည်သူတွေ အနေနဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကာအကွယ်ပေးဖို့ အကောင်းဆုံး ဆုံးဖြတ်ရွေးချယ်မှုကို လုပ်ကြဖို့နဲ့ နိုင်ငံကို ထိထိရောက်ရောက်၊ ပီပီပြင်ပြင် အုပ်ချုပ်နိုင်မယ့် သူတွေကို ရွေးချယ်ကြဖို့ကိုလည်း ဗိုလ်ချုပ်ကြီး ပရာယုက ပြောပါတယ်။

ရွေးနေကျ ဒီနိုင်ငံရေးသမားတွေချည်းကိုပဲ ထပ်ပြီး ရွေးချယ်နေကြဦးမယ် ဆိုရင် ဘာမှ ထူးခြား တိုးတက်လာမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အတိုက်အခံ ပူးဝါ့ထိုင်းပါတီ (Puea Thai Party) ကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၄ ခုမှာ လူကြိုက်အများဆုံးလို့ လူထုသဘောထား ကောက်ယူချက်တွေမှာ ဖော်ပြခဲ့ကြပေမဲ့ အာဏာမရဘဲ တရားရေးနဲ့ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ အပယ်ခံခဲ့ရပါတယ်။ လက်ရှိ ပူးဝါ့ထိုင်းပါတီကို ပြည်ပမှာ ထွက်ပြေး တိမ်းရှောင်နေတဲ့ အရင် ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ညီမက ဦးဆောင်နေတာ ဖြစ်ပါတယ်။

အခု ထိုင်းဗိုလ်ချုပ်ကြီးရဲ့ ပြောဆိုချက်က လက်ရှိ အာဏာရ ဒီမိုကရက်တစ်ပါတီကို ထောက်ခံ အားပေးတဲ့သဘော ပြောဆိုခဲ့တာပါ။ ထိုင်းစစ်တပ်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်လာတာ အချိန် တော်တော်ကြာခဲ့ပါပြီ။

ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှုတွေက ၁၉၃၂ ခုနှစ် ကတည်းက စပြီး ၁၈ ကြိမ် ရှိခဲ့ပါတယ်။ လာမယ့် ဇူလိုင်လ ၃ ရက်နေ့ မဲပေးကြတဲ့ အခါမှာတော့ ထိုင်းစစ်တပ်က ကြားနေမယ်လို့ ဗိုလ်ချုပ်ကြီး ပရာယုက ပြောပါတယ်။

XS
SM
MD
LG