သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်တပ်က လူပွဲစားတွေ စနှိမ်နင်းမည်


ထိုင်းနိုင်ငံအနောက်ပိုင်း စမွတ်စခုံအရပ်က ရေလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ။
ထိုင်းနိုင်ငံအနောက်ပိုင်း စမွတ်စခုံအရပ်က ရေလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ။

ထိုင်းအစိုးရအနေနဲ့ နိုင်ငံတွင်းမှာ တရားမဝင်ရောက်နေထိုင်လုပ်ကိုင်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေက အလုပ်သမားတွေအပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်မှာမဟုတ်ဘဲ နောက်ကွယ်ကနေ လူကုန်ကူးနေတဲ့ပွဲစားတွေကို အဓိက အရေးယူနှိမ်နင်းသွားမှာဖြစ်ကြောင်း ထိုင်းစစ်တပ်အကြီးအကဲက မနေ့က နိုင်ငံတော်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။ ဒါကြောင့် လူကုန်ကူးမှု အများဆုံးဖြစ်နေတဲ့ နေရာတွေ ဖြစ်တဲ့ ငါးဖမ်းလှေတွေမှာ ရောင်းစားခံနေရသူတွေကို အရင်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်သင့်တယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier-2 စောင့်ကြည့်စာရင်းမှာထည့်ထားပေမယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ Tier-3 အဆိုးဆုံးအဆင့်ကို သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ အာဏာသိမ်းစစ်အစိုးရဟာ ထိုင်းနိုင်ငံအတွင်းမှာ နိုင်ငံတကာအစိုးရတွေနဲ့ ဌာနဆိုင်ရာတွေနဲ့တွေ့ဆုံပြီး လူကုန်ကူးမှု ပပျောက်အောင် ဆောင်ရွက်သွားမယ့်အကြောင်း ပြောခဲ့တာပါ။ လူကုန်ကူးမှုနှိမ်နင်းရေကို ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ထိုင်းအစိုးရစစ်ခေါင်းဆောင်က နိုင်ငံတော်ကိုပြောတဲ့ မိန့်ခွန်းမှာ အခုလို ပြောသွားခဲ့ပါတယ်။

ထိုင်းစစ်အစိုးရခေါင်းဆောင်က နိုင်ငံတော်ကိုပြောကြားတဲ့အထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ လုပ်ငန်းရှင်တွေကြား လူကုန်ကူးမှုမရှိအောင်၊ မာဖီးယားဂိုဏ်းလို ရာဇဝတ်ဂိုဏ်းတွေနဲပ သူတို့နဲ့ဆက်စပ်နေတဲ့ ပွဲစားတွေ ပါဝင်ပတ်သက်မှုမရှိအောင် နှိမ်နင်းသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

ဇွန်လ ၂၅ ရက်နေ့ကပဲ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ လူကုန်ကူးမှု ပြဿနာ ဖြေရှင်းရေး ယာယီစီမံချက်အဖြစ် အမိန့်အမှတ် ၇၀/၂၅၅၇ ကို လည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာလည်း လူကုန်ကူးမှု၊ လုပ်အား ခေါင်းပုံဖြတ်မှုတွေ၊ အလုပ်သမားတွေကို အနိုင်ကျင့်စော်ကားမှု မရှိစေရေးတွေ ပါဝင်ပါတယ်။

ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတွေနဲ့ လူကုန်ကူးသူတွေကို ကယ်ဆယ်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဒါရိုက်တာ ဦးကျော်သောင်းကတော့ ထိုင်းနိုင်ငံအတွင်းမှာ လူကုန်ကူးမှုတွေ တိုက်ဖျက်တဲ့အခါမှာ ရေထွက်လုပ်ငန်းလုပ်တဲ့နေရာတွေက ငါးဖမ်းလုပ်ငန်းတွေမှာ ရောင်းစားခံရသူတွေကို အရင် ကယ်ဆယ်သင့်တယ်လို့ ဆိုပါတယ်။

“လုံးဝ ထိန်းချုပ်မှုကင်းစင်တဲ့ ပျော်ရင်လုပ်၊ မပျော်ရင်ပြန်ဆိုတဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ပေးပြီးတော့မှ သန့်စင်ပစ်လိုက်ရမယ်။ နောက်ပြီးတော့ အဲဒီငါးလုပ်ငန်းမှာ နာရီပေါင်း ကြာကြာခိုင်းစေဖို့အတွက် အခကြေးငွေ များစွာပေးနိုင်တဲ့ စနစ်မျိုးကို လုပ်ရမယ်။ ဂျပန်တို့၊ ကိုရီးယားတို့ကို မြန်မာအလုပ်သမားတွေသွားချင်တယ်၊ ဘာကြောင့်လဲ။ ပင်ပန်းသလောက်ကို အကျိုးရှိတယ်၊ ပိုက်ဆံရတယ်။ ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းမှာ အလုပ်သမားရှားပါးနေတာက လုပ်ရသလောက်ကို ပိုက်ဆံမပေးချင်ဘဲ အလကားခိုင်းချင်တာကြောင့် ဖြစ်တယ်။ အဲဒီလို မတရားခိုင်းစေတဲ့နေရာကို အရင်သန့်စင်ဖို့ လိုတယ်။ နောက်ပြီး နယ်ခြားဒေသတွေမှာ မယ်ဆိုင်၊ ကော့သောင်း၊ ရနောင်း အဲဒီ နယ်ခြားတွေမှာ မြန်မာအလုပ်သမားတွေလာပြီးတော့ လွယ်လင့်တကူ နယ်စပ်မှာ One Stop Service ထားပေး။ ထိုင်းနိုင်ငံအတွင်းမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိဖို့လိုတယ်။ အဲလိုမှ မဟုတ်လို့ရှိရင် ဗမာပြည်ကထွက်လာတဲ့သူတွေ အလုပ်ရုံကိုလာဖို့အတွက် ဘယ်လုပ်ငန်းရှင်ကမှ သွားမခေါ်ဘူး။ အလုပ်လုပ်ချင်တဲ့ အလုပ်သမားကလည်း ဘယ်အလုပ်ရှင်ကိုမှ ဆက်သွယ်လို့မရဘူး။ အဲဒီလို မလုပ်ရင် မာဖီးယားဂိုဏ်းတို့၊ ပွဲစားဂိုဏ်းတို့ဆိုတာ ရှိနေအုံးမှာပဲ။ ဒါကြောင့်မို့လို့ တကယ်လုပ်ဖို့တော့ လိုလိမ့်မယ်။”

ထိုင်းစစ်တပ်က တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့တို့ဟာ မကြာသေးခင်ကပဲ တွေ့ဆုံခဲ့ပြီး လူကုန်ကူးမှုဂိုဏ်းတွေကို ဖမ်းဆီးနိုင်ရေး အချက်အလက်တွေပေးနိုင်ခဲ့ကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ လူကုန်ကူးမှုနဲ့ပတ်သက်လို့ အဆိုးဆုံးအဆင့်ကနေ ကျော်လွှားဖို့ ကြိုးစားနေပေမယ့် အိမ်နီးချင်းနိုင်ငံတွေက အလုပ်ရှာဖွေသူတွေ များနေတာကြောင့် လူကုန်ကူးမှုတွေ ဖြစ်နေရကြောင်း ပြောဆိုနေကြတာပါ။ စစ်အစိုးရတက်လာပြီးတဲ့နောက် မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို သွားရောက်ပြီး တရားမဝင် အလုပ်လုပ်နေကြသူတွေကို တရားဝင်အလုပ်လုပ်နိုင်အောင်၊ တရားဝင်နေထိုင်ခွင့်ရအောင်၊ ကျန်းမာရေးစောင့်ရှောက်မှုရအောင် အလုပ်လုပ်ခွင့်လက်မှတ်တွေကို စနစ်တကျဖြစ်အောင် စီစဉ်ပေးမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီလို တရားဝင်အထောက်အထားတွေ ရရှိဖို့ ဇွန်လ ၃၀ ရက်နေ့ကစပြီး မဟာချိုင်ဒေသမှာ One Stop Service (နေ့ချင်းပြီးအစီအစဉ်) ဖွင့်ပြီး အလုပ်သမားလက်မှတ်တွေ စတင်ထုတ်ပေးတော့မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

XS
SM
MD
LG