သုံးရလွယ်ကူစေသည့် Link များ

ထိုင်းစစ်တပ် အကြီးအကဲ နိုင်ငံရေး ခေါင်းဆောင်များနဲ့တွေ့

  • ဗွီအိုအေ (မြန်မာဌာန)

ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha
ထိုင်းစစ်တပ်က မာရှယ်လော စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာပြီး တရက်အကြာ ဒီကနေ့မှာတော့ ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha ဟာ သဘောထားကွဲလွဲနေတဲ့ နိုင်ငံရေးအုပ်စုတွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး ကြားဝင် စေ့စပ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဘန်ကောက် တပ်မတော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကနေ ရလဒ် တစုံတရာ မရှိခဲ့ပေမဲ့လို့ နိုင်ငံရေး ပဋိပက္ခတွေ အဆုံးသတ်ရေး ကြိုးစားတဲ့နေရာမှာ စစ်တပ်ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကိုတော့ မီးမောင်းထိုးပြခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ယာယီ ၀န်ကြီးချုပ် Niwattumrong Boonsongpaisan အပါအ၀င် အဆင့်မြင့် နိုင်ငံရေးခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့ပေမဲ့ ယာယီဝန်ကြီးချုပ်အစား ကိုယ်စားလှယ် ၄ ယောက် တက်ရောက်ခဲ့ပါတယ်။ အစိုးရ အတိုက်အခံ ဆန္ဒပြခေါင်းဆောင် Suthep Thaugsuban၊ အစိုးရလိုလားတဲ့ ရှပ်နီအဖွဲ့ခေါင်းဆောင် Jatuporn Prompan တို့ကိုလည်း ဒီဆွေးနွေးပွဲကို ဆင့်ခေါ်ခဲ့တာဖြစ်သလို၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတာ ဖြစ်ပါ တယ်။

တဘက်နဲ့ တဘက် ခါးခါးသီးသီး ဖြစ်နေကြတဲ့ နိုင်ငံရေး ရန်ဘက်တွေ မနက်ဖြန် နေ့လည်မှာ နောက်တကြိမ် ထပ်မံ တွေ့ဆုံ ဆွေးနွေးကြမယ့် အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အင်တာနက်နဲ့ သတင်းမီဒီယာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆင်ဆာပိတ်ပင်တာ အပါအ၀င် အမိန့် တဒါဇင်ကျော်ကို စစ်တပ်က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်အနေနဲ့ အာဏာသိမ်းတာ မဟုတ်ဘူးလို့ ပြောဆိုထားပြီး၊ ကွဲပြားမှုတွေ ပြင်းထန်နေတဲ့ တိုင်းပြည်မှာ အကြမ်းဖက်မှုတွေကို ဟန့်တားပြီး တည်ငြိမ်မှု ပြန်လည် ထားရှိနိုင်ဖို့အတွက် အခုလို လုပ်ဆောင်ရတာလို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG