သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံအလယ်ပိုင်း အထောက်အထားမဲ့မြန်မာနိုင်ငံသား ၃၈ ဦး ဖမ်းဆီးရမိ


Thai Police arrested 38 Myanmar Illegal Migrants
Thai Police arrested 38 Myanmar Illegal Migrants

ထိုင်းနိုင်ငံအလယ်ပိုင်း Nakhon Sawan Province နကွန်စဝမ်ခရိုင်၊ နောင်သောင်မြို့နယ်၊ အမှတ် (၁၁၇) အမြန်လမ်း မပေါ်မှာ မသင်္ကာဖွယ် ကားသုံးစီးထဲကနေ လူကုန်ကူးသမားတွေသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား (၃၈) ဦးကို Highway Police Division အမြန်လမ်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ သူတို့ဟာ ကရင်ပြည်နယ် မြ၀တီကနေလာကြတာဖြစ်ပြီး အဲဒီကနေကားတွေနဲ့ အဆင့်ဆင့်သယ်ဆောင်ပြီးထိုင်းနိုင်ငံ ပထုံဌာနီခရီုင်အထိ သွားကြမယ့်သူတွေလို့သိရပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ အလယ်ပိုင်း Nakhon Sawan Province နကွန်စဝမ်ခရိုင် နောင်သောင်မြို့နယ်ထဲက အမြန်လမ်းရဲတပ်ဖွဲ့က မင်္သကာဖွယ်ရာကား ၃ စီးကို နိုဝင်ဘာလ(၁)ရက်နေ့ညက ရပ်တန့်ခိုင်းပြီးစစ်ဆေးခဲ့တာပါ။ TOYOTA Van ကား(၂)စီးနဲ့ ပစ်ကပ်ကားတစ်စီးပေါ်မှာတင်ဆောင်လာတဲ့ တရားမဝင် မြန်မာ (၃၈) ဦးကို ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကနေ အဆင့်ဆင့်သယ်ဆောင်လာတာကိုတွေ့ရှိခဲ့တယ်လို့ Central Investigation Bureau (CIB) ထိုင်းစုံစမ်းစစ်ဆေးရေးဗဟိုရဲတပ်ဖွဲ့ ကထုတ်ပြန်ပါတယ်။အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးကတော့ လူပွဲစားတွေ ခေါ်ဆောင်လာတဲ့မြန်မာတွေ မဲဆောက်၊ ချင်းရိုင်၊ နကွန်စဝမ်ကနေ ပထုံဌာနီအထိ သွားကြမယ့်သူတွေဖြစ်တယ်လို့လည်း ဗွီအိုအေ ကိုပြောပါတယ်။

“ထိုင်းနိုင်ငံ နကွန်စဝမ်ခရိုင်နယ်နမိတ်ထဲမှာ မှန်လုံကား ၃စီးနဲ့တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာ ၃၈ဦးကို ထိုင်းလုံခြုံရေးအဖွဲ့က တားဆီစစ်ဆေးပြီးဖမ်းဆီးလိုက်ပါတယ်။ သူတို့ကို စကားပြန်ကတဆင့် စစ်ဆေးတဲ့အခါမှာမြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီကနေ ထိုင်းနိုင်ငံ မဲဆောက်ကို တောလမ်းအတိုင်းလာကြပြီး ပွဲစားကစီစဉ်ပေးပြီး ပထုံဌာနီမြို့ဘက်ကို ဦးတည်ပြီးလာကြတာဖြစ်ကြောင်း ထွက်ဆိုပါတယ်တဦးကိုဘတ် တသောင်း ခုနှစ်ထောင် ပေးရတယ်လို့ထွက်ဆိုပါတယ် ထိုင်းယာဉ်မောင်း၃ဦးကိုစစ်တော့ တကားကို ဘတ်ငွေ တသောင်းရလို့ မြန်မာတွေကို တင်ခေါ်လာတာလို့ထွက်ဆိုပါတယ်။”

အခုအခါမှာတော့ မြန်မာတွေအပါအဝင် ဒီအမှုမှာ ပါဝင်ပတ်သက်နေသူတွေကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှု လူကုန်ကူးမှုတွေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့လည်းပြောပါတယ်။

“ သူတို့က ကား၃စီးနဲ့ အစုလိုက်အပြုံလိုက်မိတာဖြစ်လို့ တရားမဝင် နယ်စပ် ဖြတ်ကျော်မှုကတခု လူကုန်ကူးမှုက တခုနဲ့တရားစွဲဆိုခံရမှာဖြစ်ပါတယ်”

ထိုင်းနိုင်ငံထဲမှာ အခုလိုမျိုးမြန်မာတွေတွေ လူကုန်ကူးမူခံရတာမျိုး မကြာခဏ ဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ ရက်ကလည်း ရိုဟင်ဂျာ ၂၆ဦးကို လူကုန်ကူးခဲ့သူ ရိုဟင်ဂျာတဦးနဲ့ ထိုင်းနိုင်ငံသား(၃) ဦး ကိုလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ၂ရက်နေ့မှာပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG