သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွှေ့ပြောင်းအလုပ်သမား စောင့်ရှောက်ရေးဂေဟာ ထိုင်းအစိုးရပိတ်ဖို့ စီစဉ်


ထိုင်းရဲများ စီးနင်းဝင်ရောက်ရှာဖွေခဲ့တဲ့ AACဂေဟာ (ဓါတ်ပုံ- Kyan Tine Aung) အောက်တိုဘာလ ၁၀၊ ၂၀၁၈
ထိုင်းရဲများ စီးနင်းဝင်ရောက်ရှာဖွေခဲ့တဲ့ AACဂေဟာ (ဓါတ်ပုံ- Kyan Tine Aung) အောက်တိုဘာလ ၁၀၊ ၂၀၁၈

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေပြီး အကြောင်းအမျိုးမျိုးကြောင့် အလုပ် မလုပ်နိုင်သူတွေကိုလည်း နေစရာပေး စောင့်ရှောက်ထားတဲ့ ဘန်ကောက်မြို့တော်က AAC မဟာမိတ်အဖွဲ့ဂေဟာကို ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အာဏာပိုင် တွေ အောက်တိုဘာလ ၁၀ ရက်နေ့က ရှောင်တခင် ဝင်ရောက် စစ်ဆေးပါတယ်။

အဲဒီဂေဟာကိုပိတ်ဖို့ ထိုင်းအာဏာပိုင်တွေက ဖိအားပေးသလို ဂေဟာမှာခိုလှုံနေတဲ့ အလုပ်သမား ၁၀၀ ကျော် ထွက်သွားအောင် ဖိအားပေးတဲ့အနေနဲ့ ဂေဟာရဲ့ ရေနဲ့မီးကို ဖြတ်တောက်လိုက်ပါတယ်။

ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားရေးလုပ်နေတဲ့ အေအေစီမဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့တာ လေးနှစ်ကြာရှိနေသလို အလုပ်သမားသောင်းဂဏန်းချီပြီး အကူညီပေးနိုင်ခဲ့ပါတယ်။

အခုအခါမှာတော့ ဒုက္ခိတတွေ အပါအဝင် အခက်အခဲဖြစ်နေ သူတွေကိုစောင့်ရှောက်ဖို့ ဖွင့်လှစ်ထားတဲ့ ဂေဟာကို ပိတ်ဖို့အတွက် ဖိအားပေးခံခဲ့ရကြောင်း အေအေစီမဟာမိတ်အဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုရဲမင်းက ဗွီအိုအေကို ပြောပါတယ်။

"ဟိုတနေ့ ကလည်းလာတယ်။ ဒီနေ့ကတော့ စစ်တပ်ရော၊ ထိုင်းရဲရော၊ လဝကရော အလုပ်သမားနဲ့ ပတ်သက်တဲ့ အဖွဲ့ စုံရော ဝင်စစ်တယ်။ ဒါပေမယ့် ဝင်စစ်တဲ့အဆင့် မဟုတ်တော့ဘူး။ ဒီဂေဟာကို ပိတ်ခိုင်းတာ။ အလုပ်သမားတွေကို ညနေ ၆နာရီအတွင်း ထွက်ခွာဖို့ အတွက်ပြောတာ။ အလုပ်သမားတွေ ဘယ်သွားနေရမလဲ။"

အေအေစီမဟာမိတ်အဖွဲရဲ့ ဂေဟာမှာ စောင့်ရှောက်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ကျော်ရှိပြီး လုပ်ငန်းခွင်မှာ ခြေပြတ်၊ လက်ပြတ်ဖြစ်လို့လာရောက်ခိုလှုံနေသူတွေ၊ အမှုရင်ဆိုင်နေရသူတွေ၊ နှစ်နိုင်ငံသဘောတူညီချက်နဲ့လာပြီး ဒုက္ခရောက်နေတဲ့ MOU အလုပ်သမားတွေ လည်းပါဝင်တာပါ။ အေအေစီမဟာမိတ်အဖွဲရဲ့ ဂေဟာမှာနေထိုင်နေတဲ့ အလုပ်သမားတွေအတွက် တခြားရွှေ့ပြောင်းအလုပ်သမားတွေက စားစရာတွေကို အကူညီပေးထားတာဖြစ်ပါတယ်။ အခုလို ဂေဟာကို စစ်ဆေးတာ၊ ဖိအားပေးတာ အကြိမ်ကြိမ်ရှိပြီဖြစ်ပေမဲ့ အလုပ်သမားတွေကို ဖမ်းခေါ်သွားတာာမျိုးတွေတော့ မလုပ်ခဲ့ပါဘူး။

ဒါပေမဲ့အခုတကြိမ်မှာ ရေမီးဖြတ်ထားတဲ့အတွက် လူ ၁၀၀ကျော်ဟာ အခက်အခဲတွေကြုံနေရပါတယ်။ ဂေဟာပိတ်ဖို့ ဖိအားပေးတဲ့အနေနဲ့ လုပ်တာဖြစ်တယ်လို့လည်း ကိုရဲမင်းက ဆိုပါတယ်။ ဒါပေမဲ့ ဂေဟာမှာ နေထိုင်နေသူတွေကတော့ သွားစရာနေထိုင် စရာမရှိတဲ့အတွက် ဂေဟာကနေ ထွက်ခွါမပေးပဲနေထိုင်နေကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။ အေအေစီအဖွဲ့ဟာ မြန်မာရွှေပြောင်းအလုပ်သမားအရေး ကိစ္စတွေကို ကူညီဆောင်ရွက်ပေးတာကြောင့် အလုပ်သမားတွေအနေနဲ့ သူတို့ရဲ့နစ်နာကြေး ဘတ်သန်း (၇၀) လောက်ထိရရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။ ရာဂဏန်းလောက်ရှိတဲ့ လူကုန်ကူးခံရတဲ့ သူတွေကိုလည်း ကယ်ဆယ်ကူညီခဲ့တာပါ။ သောင်းဂဏန်းရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း ကူညီခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG