သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရှိ မြန်မာ ဒုက္ခသည်များ နေရပ်ပြန်ရေး


စစ်ပြေးဒုက္ခသည်များကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းကို ပြောင်းရွှေ့ပေးနေတဲ့ မြင်ကွင်း။
စစ်ပြေးဒုက္ခသည်များကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းကို ပြောင်းရွှေ့ပေးနေတဲ့ မြင်ကွင်း။

ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံနေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်က တသိန်းခွဲလောက် ကို နေရပ်ရင်းပြန်ပို့နိုင်ရေးအတွက် ထိုင်းအစိုးရ က စီစဉ်ဆောင်ရွက်မယ့် အခြေအနေ ကိုထုတ်ဖော်ပြောဆိုနေပေမဲ့ ဒုက္ခသည်တွေဘက် ကတော့ နေရပ်ကို လူဂုဏ်သိက္ခာနဲ့ အညီ ပြန်နိုင်ရေး မျှော်လင့်နေကြတာပါ။ အခုထိုင်းအစိုးရရဲ့ အစီအစဉ် ဟာ မြန်မာနိုင်ငံဘက်က အစိုးရသစ်လက်ထက်မှာ ဒုက္ခသည်တွေကိုပြန် လက်ခံနိုင်မယ့် အခြေအနေ တိုးတက်လာတယ် လို့ မျှော်လင့်ရကြောင်း ကရင်ဒုက္ခသည်ကော်မတီက ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်း ၃၀ နီးပါး ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အခုလပိုင်းတွေမှာ ထိုင်းအစိုးရက နေရပ်ရင်း ကိုပြန်ပို့မယ့် အခြေအနေတွေကို ပြောကြားလာမူတွေရှိလာပါတယ်။ ဒုက္ခသည်တွေ ကို သူတို့ရဲ့အစီစဉ်တွေ အတိုင်း မေးမြန်းတာ အချက်အလက် ကောက်ခံတာတွေ အပြင် နေရပ်ရင်းပြန်ပို့နိုင်ရေးကို အစီစဉ်ချပြီး လုပ်ဆောင်လာတာဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ထိုင်းနိုင်ငံဘက်ကပြင်ဆင်လာခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရဟာ အတင်းအကြပ်ပြန်ပို့ရေးကို လုပ်ဆောင်မယ်လို့ မယူဆကြောင်း နဲ့ အခု အစိုးရသစ်လက်ထက်မှာတော့ ဒုက္ခသည်တွေပြန်ပို့နိုင်ရေး ပိုပြီး အလေးထားပြောဆိုလာမူအပေါ်မှာ ကရင်ဒုက္ခသည်ကော်မတီက တာဝန်ရှိသူတဦး ကတော့ အခုလိုပြောပြပါတယ်။

" ၂၀၁၀ ကတည်းက စပြီး သူတို့က Plans တွေ ချလာတယ်။ ဦးသိန်းစိန်အစိုးရ တက်လာပြီးကတည်းက အရပ်သားတပိုင်း ၊ စစ်တပ်တပိုင်း အစိုးရတက် လာပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာတဲ့အပေါ်မှာ သူတို့လည်း ပြင်ဆင်မှုတွေ လုပ်လာတယ်။ အခုက အရှိန်မြှင့်လာတယ်။ ဦးထင်ကျော်အစိုးရလက်ထက်မှာ ထူထောင်လာနိုင်ပြီဆိုတော့ အဲ့ဒီ့အရှိန်ကမြင့် လာတာဖြစ်တယ်။ နောက်ဆုံး ပြန်ပို့မယ်ဆိုရင်တောင် ဟိုမှ ရွာမပိုင်ရင် မပို့သေးဘူးလေ။ ဒါပေမဲ့ ရွာသာ ဖို့ အလားအလာရှိလို့ ဒီဥစ္စာတွေက စပြီးတော့ ဝင်လာတာဖြစ်တယ်လေ။ အဲ့ ဒါပေမဲ့ တခုတော့ ရှိတာက နည်းနည်း တော့ ပြောတာက သူတို့ပြန်မယ်ဆိုရင် မိမိရဲ့ဆန္ဒနဲ့ UNHCR ရဲ့Principal ကို သူတို့က လက်ခံတယ် ထိုင်းအစိုးရက Force မလုပ်ဘူး။"

ထိုင်းနယ်စပ်မှာ ဒုက္ခသည်တသိန်းခွဲလောက် ရှိတယ်ဆိုပေမဲ့ တတိယနိုင်ငံကို သွားရောက်ခိုလှုံနိုင်တဲ့ စာရင်းဝင် ဒုက္ခသည်ပေါင်း ၆သောင်းနီးပါးလောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

ဒီဒုက္ခသည်တွေအားလုံးဟာလည်း သူတို့ကို နှစ်စဉ်ခေါ်ယူနေတဲ့ တတိယနိုင်ငံတွေဆီကို အားလုံး သွားဖို့အတွက် မရည်ရွယ်ကြဘူးလို့ ဆိုပါတယ်။ သူတို့ဟာလည်း မြန်မာပြည်အခြေအနေကောင်းမယ် ဆိုရင် နေရပ်ရင်းပြန်လို ကြတာပါ ဒီထဲက နှစ်ရှည်လများ ဒုက္ခသည်အဖြစ်နေထိုင်နေရတာကြောင့် ကလေးတွေ ပညာရေးနဲ့ နိုင်ငံမဲ့ဖြစ်နေရတဲ့ အခြေအနေကြောင့်သာ သွားကြတာများတယ်လို့အခုလိုပြောပြပါတယ်။

" UNHCR ထဲမှာ မှတ်ပုံတင်ထားတဲ့ Register ကတော့ ငါးသောင်း၊ ခြောက်သောင်းလောက်ပဲ ရှိမယ်လေ။ ဒုက္ခသည်တွေက တကယ်လို့ နိုင်ငံခြားကို အားလုံး ထွက်သွားချင်တယ်ဆို သူတို့ ထွက်နိုင်တဲ့ စာရင်းမှာ မပါဘူးလေ။ ဒုက္ခသည်ဖြစ်ပေမဲ့လည်း ထိုင်းအစိုးရက အသိအမှတ်ပြုထားတဲ့ လက်မှတ် UNHCR က လက်မှတ် မရှိရင် သူတို့ကို ဟိုဘက်နိုင်ငံကိုလည်း မခေါ်ဘူးလေနော်။ ငါးသောင်း၊ ခြောက်သောင်းထဲက အားလုံး မသွားချင်ကြပါဘူး။ ဖြစ်နိုင်လို့ရှိရင် မြန်မာနိုင်ငံမှာ အခြေအနေကောင်းလာပြီ ငြိမ်းချမ်းလာရင် အိမ်ပဲ ပြန်ကြချင်တယ်လေ။

နိုင်ငံခြားသွားတယ်ဆိုတာ နှစ်ခုရှိတယ်။ ကလေးတွေရဲ့ ရှေ့ရေးအတွက် သွားတာရှိတယ် တချက်။ တချို့ကလည်း ပြန်လို့ရှိရင် မြေသိမ်း၊ ယာသိမ်း စိတ်ဓာတ်ကျပြီး သွားတဲ့သူတွေရှိတယ်။ ဒါပေမဲ့ ဟိုရောက်တော့ ကိုယ့်နိုင်ငံမှ မဟုတ်ပဲ ဘယ်ပျော်မလဲ အမရယ်နော်။ ကလေးတွေရဲ့ရှေ့ရေး နောက်ပြီးတော့ ဟိုမှာသွားတော့ လွတ်လပ်မှုတခုလည်း ရလာပြီမဟုတ်လား။ နောက်တခုက ဟိုမှာ ID ကဒ် ရလာပြီဆိုတော့ သူတို့က Stateless မဖြစ်တော့ဘူးလေ။ ဒီမှာနေလို့ရှိရင် ဒုက္ခသည်၊ ဒုက္ခသည်၊ ဒုက္ခသည်နဲ့ ဘယ်လောက်ကြာမယ် မသိဘူး ဆိုတော့ သူတို့က ငြီးငွေ့လာတော့ လျှောက်လာတဲ့သူတွေရှိပါတယ်။"

ထူးခြားမူကတော့ ဒုက္ခသည်တွေထဲက တချို့ဟာ တတိယနိုင်ငံတွေဆီကို အရင်လိုကြန့်ကြာမနေတော့ ခပ်မြန်မြန် ထွက်ခွါလာတာ ရှိလာပါတယ်။ အခုဆိုရင်တတိယနိုင်ငံကို အမြန်ထွက်ခွါနိုင်ရေးတွေကို UNHCR က လုပ်ဆောင်ပေးနေတာပါ။ ဘယ်လို ဒုက္ခသည်တွေနဲ့ အကျုံးဝင်သလဲဆိုတာကို ကရင်ဒုက္ခသည်ကော်မတီက တာဝန်ရှိသူက အခုလိုရှင်းပြပါတယ်။

"တဖက်က ဟိုမှာ သူ့အမေရောက်တယ်။ သူ့မိန်းမရောက်နေတယ်။ သားသမီးတွေ ရောက်နေတယ် အဲ့တာတွေကို ပြန်လည်ပေါင်းစည်းရေး အနေနဲ့ သူတို့ အမြန်ဆုံး လုပ်ပေးတာပါ။ မိသားစုတွေက အဲ့ဒီ့သူတို့က စံချိန်စံနှုန်းထဲမှာ ဝင်တာကိုး။"

ရန်ကုန်က UNHCR ကိုယ်စားလှယ်တွေကတော့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်တဲ့ အခါမှာ တဦးချင်းပြန်မလား အုပ်စုလိုက်ပြန်ကြမလား ဆိုတဲ့ သဘောထားတွေ ဘာတွေပြင်ဆင်ပေးရမလဲဆိုတဲ့ အခြေအနေတွေကို ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ မေးမြန်းမှုတွေရှိခဲ့ပါတယ်။

ဒုက္ခသည်တွေဘက်ကလည်း ကုလသမဂ္ဂက ဒုက္ခသည်တွေအပေါ် ချမှတ်ထားတဲ့ စံချိန်စံညွန်းတွေနဲ့ အညီ နေရပ်ရင်းကို ပြန်လိုတယ်လို့ပြောဆိုခဲ့ကြဘူးပါတယ်။ ဒုက္ခသည်ကိစ္စ ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ နယ်စပ်ရေးရာမှာ တာဝန်ယူနေတဲ့ ဝန်ကြီးဌာနတွေလည်း သက်ဆိုင်တာမို့ အစိုရသစ် အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး ပြေလည်အောင်ညှိနှိုင်းဆောင် ရွက်ပြီးမှာသာ အဆင်ပြေနိုင်မယ်လို့ ဒုက္ခသည်တွေကပြောဆိုနေကြပါတယ်။ အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြီးခဲ့တဲ့နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက်မှာ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း အဓိကထား လုပ်ဆောင်မယ် လို့ ပြောဆိုထားတာပါ။ ထိုင်းမြန်မာနယ်စပ်မှာ စခန်း ၉ခု ရှိပြီး ဒုက္ခသည်တသိန်းခွဲခန့် ခိုလှုံနေထိုင်နေကြပါတယ်။


XS
SM
MD
LG