ထိုင်းနိုင်ငံကိုဖြတ်ကျော်ပြီး မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ လူကုန်ကူးသမားတွေ ခေါ်ဆောင်ပေးလာသူတွေကို ဖမ်းမိတာမှာ သူတို့က မြန်မာနိုင်ငံက လာကြတာဖြစ်တယ်လို့ ထိုင်းနိုင်ငံက ပြောပါတယ်။ လူကုန်ကူးမှုစစ်ဆင်ရေးတွေဆောင်ရွတ်နေတဲ့ ထိုင်းနိုင်ငံ နကော်စီဌာမရာပြည်နယ်ထဲက စစ်ဆေးရေး ဂိတ်တခုမှာ အခုလိုဖမ်းဆီးမိတာဖြစ်ပါတယ်။ လောလောဆယ် ထိုင်းတာဝန်ရှိသူတွေက ထိမ်းသိမ်းစောင့်ရှောက်ထားတာပါ။အပြည့်အစုံကို စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ နကော်စဟီဌာမရာပြည်နယ်ထဲက ကရက်ကတ်စစ်ဆေးရေးဂိတ်မှာ မသင်္ကာတဲ့ကားတစီးကို ရှာဖွေဖို့ ရပ်တန့်ခိုင်းရာက နောက်ပြန် လှည့်မောင်းပြီး တခြားကားတစီးကို တိုက်မိရာကနေ လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာနိုင်ငံက လူ ၈ ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့တာပါ။ သူတို့ကို ထိုင်းအာဏာပိုင်တွေကစစ်ဆေးချိန်မှာ သတင်းထောက်တွေကို ဖြေကြားခဲ့တာကို ထိုင်းသတင်းတွေမှာ ထုတ်လွှင့်ခဲ့ပါတယ်။
သူတို့ဟာ ရခိုင်ပြယ်နယ်၊ စစ်တွေမြို့က လာကြတာဖြစ်ပြီး မလေးရှားနိုင်ငံအရောက် တဦးကို ကျပ်ငွေ သိန်း ၃၀ လောက်အထိ ပေးခဲ့ရတယ်လု့ လူကုန်ကူးခံရသူ အသက် ၂၀ အရွယ် အမျိုးသားတဦးက ပြောသွားပါတယ်။
လူကုန်ကူးသူတွေက မြန်မာနိုင်ငံတောလမ်းကနေ ထိုင်းနယ်မြေထဲရောက်အောင် ခေါ်ဆောင်လာခဲ့ကြောင်း၊ သူတို့ကိုလာကြိုတဲ့ လူကုန်ကူးကားသမား ဟာ ဘယ်သူနဲ့မှ ဆက်သွယ်ခွင့်မပေးဘဲ ပါလာတဲ့ဖုန်းတွေကို သိမ်းထားခဲ့တယ်လို့လည်း ဘာသာပြန်ကနေတဆင့် ပြောပြပါတယ်။ ကားမောင်းသမားက စစ်ဆေးရေး ရဲဂိတ်တွေကို ရှောင်ရှားပြီး ကွေ့ပတ်တ်မောင်းနေခဲ့တာလည်း ၁၂ နာရီလောက် ကြာတယ်လို့ ဆိုပါတယ်။
သူတို့ကို ဖမ်းဆီးခဲ့တဲ့ ကရကပ် ရဲစခန်းမှူး ယန်ယောင် ဟီရမ် ဘူရာနာ ကတော့ လူကုန်ကူးတဲ့သူတွေကို ဖမ်းဆီးရမိရေး ဆက်လက် စစ်ဆေးနေတဲ့ ကာလမှာ အခုဖမ်းဆီးဦးသူ (၈) ဦးကို တရားစွဲဖို့မရှိသေးဘဲ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေက ထိမ်းသိမ်းစောင့်ရှောက်ပေးထားမယ်လို့ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။ သူတို့ဟာ ရိုဟင်ဂျာ မူဆလင်တွေဖြစ်တယ်လိုလည်း ထိုင်းသတင်းတွေမှာ ဆိုပါတယ်။
အရင်တခေါက်ကလည်း မြန်မာနိုင်ငံက လူကုန်ကူးသူတွေ ခေါ်လာတဲ့ ရိုဟင်ဂျာမူဆလင် ၁၀၀ ကျော်ကို ၂၀၁၅ ဇန်နဝါရီလ ၁၁ နေ့က ထိုင်းနိုင်ငံ တောင် ပိုင်း နကော်စီဌာမရ ပြည်နယ် Hua Sai ဟွေ့ဆိုင်ခရိုင်အတွင်းမှာ အများဆုံးဖမ်းမိခဲ့ဖူးပါတယ်။ အလားတူ မလေးရှားကိုပို့ဆောင်မယ့် လူကုန်ကူးတဲ့ အမှုတွေလည်း ထိုင်းနယ်စပ် ထိုင်းမလေးနယ်စပ်တွေမှာ ဒီနှစ်ထဲမှာ ဖမ်းဆီးမိနေပြီး ပြီးခဲ့တဲ့ ၅ လအတွင်းမှာပဲ မြန်မာနိုင်ငံကနေ လူကုန်ကူးတဲ့ လမ်းကြောင်းကလာသူတွေကို ဖမ်းဆီးခဲ့တာကတော့ အကြိမ်အရေအတွက် ၂၀ ကျော်ပြီဖြစ်ပြီး မြန်မာနိုင်ငံက လူမျိုးပေါင်းစုံ လူဦးရေစုစုပေါင်း ၄၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်ရှင်။