သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာ ၉ ဦး ထပ်တွေ့


ထိုင်းနိုင်ငံ၊ ဆုံခလာခရိုင်ထဲမှာ ဖမ်းမိထားတဲ့ ရိုဟင်ဂျာများ။ (သြဂုတ်လ ၂၂ ၊၂၀၁၉)
ထိုင်းနိုင်ငံ၊ ဆုံခလာခရိုင်ထဲမှာ ဖမ်းမိထားတဲ့ ရိုဟင်ဂျာများ။ (သြဂုတ်လ ၂၂ ၊၂၀၁၉)

ထိုင်းနဲ့ မလေးရှားနယ်စပ် ဆုံခလာခရိုင် အတွင်းက ရာဘာတောထဲမှာ လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာ ၉ ဦးကို ထပ်မံတွေရှိခဲ့တယ်လို့ ထိုင်း အာဏာပိုင်တွေက သြဂုတ်လ ၂၃ ရက် နေ့မှာ ပြောဆိုခဲ့ပါတယ်။ ဆုံခလာခရိုင်ထဲက အချုပ်တွေထဲမှာ လူကုန်ကူးခံရသူ ၂၀၀၀ ထက်မနည်းဟာ ထိမ်းသိမ်းခံထားရကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်က ဆိုပါတယ်။ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနဲ့နယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းက ဆုံခလာခရိုင်ထဲမှာ ဧပြီလကစပြီး လူကုန်ကူး သူတွေ ခေါ်လာတဲ့ ဖမ်းဆီးနေတာဟာ အခုဆိုရင် ဆုံခလာခရိုင်ထဲမှာ အချုပ်စခန်းတွေ ထဲမှာ လူဦးရေ ၂,၀၀၀ လောက် ရှိနေပြီဖြစ်ကြောင်း အလုပ်သမားရေး ဆောင်ရွက် နေတဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်၊ ဆုံခလာခရိုင်၊ ဟတ်ရိုင်မြို့ တာဝန်ခံ ဦးဘရီက ပြောပါတယ်။

“ဟတ်ရိုင်အချုပ်ထဲမှာ အောက်ထပ်မှာ ၁၀၀ ကျော်၊ အပေါ်ထပ်မှာ ၆၈ ယောက်နဲ့ မနေ့က ၅ ယောက် ထပ်ပြီး ဖမ်းမိပါတယ်။ အခုဆိုရင် ဆုံခလာခရိုင်ထဲက အချုပ်တွေအားလုံးမှာ လူတွေ ပြည့်နေပါတယ်။ အားလုံးပေါင်းရင် လူဦးရေ ၂ ထောင်လောက် ရှိပါတယ်။”

သြဂုတ်လ ၂၂ ရက်နေ့ကတော့ ဆုံခလာခရိုင် ရသဖုန်းမြို့နယ်ထဲက ခြုံတောတွေထဲမှာ ရိုဟင်ဂျာ ၃၁ ယောက် ဖမ်းမိခဲ့ပြီး သြဂုတ်လ ၂၃ ရက်နေ့မှာ အဲဒီနေရာကနေ ၆ ကီလို အကွာမှာ နောက်ထပ် ရိုဟင်ဂျာ ၉ ယောက်ကို ထပ်ပြီး တွေ့ခဲ့ပါတယ်။ သူတို့ဟာ မလေးရှား ဘက်ကို ခိုးဝင်ကြဖို့ ရောက်နေကြတာဖြစ်ပြီး လူပွဲစားတွေက မလေးရှားကို မပို့ခင် ထိုင်းအာဏာပိုင်တွေက တွေ့ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ထိုင်း-မလေးနယ်စပ်မှာ လူကုန်ကူးမှုနဲ့ ဖမ်းဆီးခံရသူတွေကို အမှုစစ်ဆေးပြီးတဲ့အခါ နေရပ်ပြန်ပို့မှာဖြစ်ပေမယ့် လူကုန်ကူးမှုနဲ့ ပတ်သက်နေသူတွေကတော့ ချက်ခြင်းပြန်လို့ မရသေးဘဲ ထိန်းသိမ်းရေးစခန်းတွေထဲမှာပဲ ခေတ္တ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

“လတ်တလောအခြေအနေမှာ သူတို့ကို မပို့သေးဘူး။ ရဲကိုမေးကြည့်တော့ စာရွက် စာ တမ်းတွေ လုပ်နေရတယ်။ အမှုက မပြီးသေးဘူး။ ပို့လို့ မရသေးဘူးလို့ ရဲက ကျနော့်ကို ပြန်ပြောတယ်။”

ထိုင်း-မလေးနယ်စပ် ထိုင်း မြန်မာနယ်စပ်တွေမှာ လူကုန်ကူးမှုတွေ ဆက်တိုက် ဖြစ်နေတဲ့ အတွက် နယ်စပ်တွေမှာ နယ်စပ်ဖြတ်ကျော် လက်မှတ်တွေနဲ့ အဝင်အထွက်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပိုမို စောင့်ကြည့် စစ်ဆေးဖို့အတွက် နယ်စပ်မြို့တွေက တာဝန်ရှိ သူတွေကို ထိုင်းအစိုးရက သြဂုတ်လ ၂၃ ရက်နေ့မှာပဲ ညွှန်ကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ထဲမှာတော့ ထိုင်း တောင်ပိုင်းမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၇ ထောင်ကျော် သွားပြီလို့လည်း ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။ ဒီနှစ်ထဲမှာပဲ ထိုင်းနဲ့မြန်မာတွေ ပါဝင်တဲ့ လူမှောင်ခိုသမား ၁၅၀ ကျော်ကိုလည်း ဒီလပိုင်းတွေအတွင်းမှာ အရေးယူနိုင် ခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG