သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်းဗုံးကွဲမှု ၈ ယောက်ထက်မနည်း သေဆုံး


ထိုင်းနိုင်ငံမှာ မူစလင် အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေ ကြုံနေရတဲ့ နိုင်ငံတောင်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အပြင်းထန်ဆုံးလို့ ဆိုနိုင်တဲ့ တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူပေါင်း ၈ ဦး သေခဲ့ရပြီး နောက်ထပ်လူပေါင်း အနည်းဆုံး ၇၀ လည်း ဒဏ်ရာတွေ ရသွားခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း Yala မြို့ကြီးက စီးပွားရေး အချက်အချာကျတဲ့ နေရာတခုမှာ စနေနေ့ နေလယ် ထမင်းစားချိန်မှာ မီးနစ်ပိုင်းပဲခြားပြီး ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့တယ်လို့ Yala မြို့ပိုင်က ဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက စီးပွားရေး အချက်အချာကျတဲ့ ဒီ Yala မြို့မှာ စနေအားလပ်ရက် ဈေးဝယ်သူတွေနဲ့ နိုင်ငံခြားခရီးသွားတွေ တည်းခိုတဲ့ ဟိုတယ်တခုကို ပစ်မှတ်ထားတဲ့ ဒီတိုက်ခိုက်မှုထဲမှာ ကားနဲ့ ဆိုင်ကယ်တွေ ထဲမှာ ဗုံးတွေ ဖွက်ယူလာခဲ့ပြီး ဖောက်ခွဲ တိုက်ခိုက်လိုက်တာမို့ အနားက အဆောက်အဦးတွေလည်း မီးလောင်ကျွမ်း ကုန်ပါတယ်။

အနီးနားက Songkhla ခရိုင်မှာလည်း နောက်ထပ်ပေါက်ကွဲမှုတခု ဖြစ်ပြီး လူပေါင်း သုံးဦးနဲ့ နောက်ထပ် လူပေါင်း ၂၀၀ ကျော်လည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဒီ Songkhla ခရိုင် ဟတ်ယိုင်မြို့က ဟိုတယ်အမြင့်ကြီးတခုမှာ ဖြစ်တဲ့ ပေါက်ကွဲမှုကတော့ ဂတ်စ် ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ဖြစ်တာလို့ ထိုင်းအစိုးရ အရာရှိတွေက ဆိုပါတယ်။

ဒါပေမဲ့ Yala မှာဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုက မူစလင်အများစုရှိရာ နိုင်ငံတောင်ပိုင်းက Yala၊ Narathiwat နဲ့ Patani ခရိုင်တွေမှာ အစ္စလာမ်စစ်သွေးကြွတွေက ၂၀၀၄ ခုနှစ်ကတည်းက တိုက်ခိုက်လေ့ရှိတဲ့ ပုံနဲ့ တူပါတယ်လို့ ဒီအရာရှိတွေက ဆိုပါတယ်။ ဒီပဋိပက္ခကြောင့် လူပေါင်း ၅,၀၀၀ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

XS
SM
MD
LG