ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က နာမည်ကျော် ဧရာဝဏ် နတ်ဘုရားမှာ ဗုံးပေါက်ကွဲမှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူက တိုက်ခိုက်မှုမှာ သူပါဝင်တာနဲ့ပတ်သက်ပြီး နောက်ထပ် အသေးစိတ်တွေ ထပ်ပြောခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။ သံသယနဲ့အဖမ်းခံထားရသူ Yusufu Mieraili က ဗုံးပါတဲ့ ကျောပိုးအိတ်ကို တခြားလူတယောက်လက်ထဲ လွှဲပေးခဲ့တယ်ဆိုတာ ဝန်ခံထားပါတယ်။ အဲဒီ နောက်လူဟာ ပေါက်ကွဲမှုမဖြစ်ခင်လေးတင်မှာပဲ နတ်ဘုရားရှိတဲ့နေရာကနေ ထွက်သွားသူလို့ ယူဆထား ပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့ကဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုမှာ သူ ပါဝင်ပတ်သက်ပုံကို လူမြင်ကွင်းရှေ့မှာ Mierili က ဒီကနေ့ ပြန်ပြီး သရုပ် ဖော်ပြဖို့ ရဲကစီစဉ်ပြီးတဲ့နောက်မှာ အဲဒီလိုပြောလိုက်တာပါ။ အဲဒီပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့ရပါတယ်။
ဆံပင်စုတ်ဖွား၊ ခန္ဓာကိုယ်အချိုးအစား ခပ်သွယ်သွယ်နဲ့ အဝါရောင် ရှပ်အင်္ကျီဝတ်ထားတဲ့ လူငယ်တဦးဟာ နတ်ဘုရားနားမှာ ကျောပိုးအိတ်တလုံးကိုချပြီး ပေါက်ကွဲမှုမဖြစ်ခင်လေးမှာတင် အေးအေးဆေးဆေး ထွက်သွားတာကို လုံခြုံရေးကင်မရာတွေက ရိုက်ယူထားတဲ့ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။ ဗုံးကို အလွှဲအပြောင်းလုပ်ပြီးတဲ့နောက် သံသယရှိထားသူ လူနှစ်ဦးဟာ လမ်းခွဲသွားခဲ့ကြတယ်လို့ ရဲကပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ဆက်စပ်ပြီး Adem Karadak ဆိုတဲ့ နိုင်ငံခြားသားတဦးကိုလည်း ဖမ်းထားပါတယ်။ ဒါပေမဲ့လည်း ဗုံးပေါက်ကွဲမှုမှာ သူတို့နှစ်ဦး ဘယ်နေရာကနေ ပါတယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဗုံးလုပ်တဲ့ပစ္စည်းတွေကို သိမ်းဆည်းရမိတဲ့ ဘန်ကောက်မြို့ လူနေတိုက်ခန်းတခုမှာ Mieraili ရဲ့ DAN အထောက်အထားတွေကို တွေ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။