သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်း ဗုံးခွဲမှုလူ (၂၀) ထက်မနည်း ပူးပေါင်းကြံစည်ခဲ့


ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ Jakthip Chaijinda
ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ Jakthip Chaijinda

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဒီလဆန်းပိုင်း ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုတွေမှာ လူ ၂၀ ထက်မနည်း ပါဝင်ခဲ့ကြောင်း ဒီကနေ့ ဘန်ကောက်မြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။

လတ်တလောမှာတော့ ဘယ်လိုတိုက်ခိုက်ခဲ့တယ်၊ သံသယရှိသူတွေ ဘယ်ကလာပြီး၊ ဘယ်ကိုသွားတယ် ဆိုတာတွေကို စုံစမ်းနေဆဲဖြစ်ပြီး၊ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ ဒေသ ၇ ခုမှာ လူ ၂၀ လောက် ပူးပေါင်းကြံစည်ခဲ့တဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ Jakthip Chaijinda က ပြောဆိုခဲ့တာပါ။

လူ ၄ ဦး သေဆုံးပြီး၊ ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတဲ့ သြဂုတ်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့ တိုက်ခိုက်မှုတွေအတွက် ဘယ်သူကမှတော့ သူတို့လက်ချက်ဆိုပြီး အခုအချိန်အထိ ကြေညာတာမျိုးတော့ မရှိသေးပါဘူး။

စစ်တပ်က ကျောထောက်နောက်ခံပေး ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲကျင်းပ အတည်ပြုခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ကြုံခဲ့ရတဲ့ တိုက်ခိုက်မှုမှာ ပြည်ပက အစွန်းရောက် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှု မရှိဘူးလို့လည်း ထိုင်းအာဏာပိုင်တွေက ပြောဆိုထားကြတာပါ။ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲကတော့ သံသယရှိသူတွေ အားလုံးနီးပါးဟာ ငယ်ရွယ်တဲ့မျိုးဆက်တွေ ဖြစ်ကြပြီး၊ ပြစ်မှုကျုးလွန်ဖူးတဲ့ နောက်ကြောင်း ရာဇဝင်မရှိတာကြောင့် စုံစမ်းဖော်ထုတ်ရာမှာ အခက်အခဲရှိနေတယ်လို့လည်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မူဆလင်အများစု နေထိုင်ရာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၂၀၀၄ ခုနှစ်ကစလို့ ပေါ်ပေါက်နေတဲ့ ပုန်ကန်မှုတွေနဲ့ အခုတိုက်ခိုက်မှုတွေဟာ ဆက်နွယ်မှု ရှိမရှိ ဆိုတာကိုလည်း အတည်မပြုနိုင်သေးကြောင်း ရဲချုပ်က ပြောဆိုခဲ့ပါတယ်။

ထိုင်းတောင်ပိုင်း ဗုံးခွဲမှုလူ (၂၀) ထက်မနည်း ပူးပေါင်းကြံစည်ခဲ့
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG