သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ သံသယနဲ့အဖမ်းခံ မြန်မာ ၃ ဦး ပြန်လွတ်


ထိုင်းနိုင်ငံရောက် ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည် ၂ ဦး အသတ်ခံရတဲ့အမှုမှာ တရားခံလို့ယူဆရသူ နိုင်ငံခြားသား ၁ ဦးကို ဖမ်းဆီးထားမိလိုက်တဲ့အတွက် ယမန်နေ့က သံသယနဲ့ ဖမ်းဆီးထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ ဦး ပြန်လွတ်သွားပြီလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်ထဲက ခရီးသွားတွေ အသွားများတဲ့ ထိုင်းပင်လယ်ကွေ့က အပျော်တမ်း ရေငုပ်ရာနေရာဖြစ်တဲ့ Koh Tao (လိပ်ကျွန်း) က ဗြိတိသျှနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဒီကျွန်းနေထိုင် လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား တန်းလျားတွေကို ရှာဖွေခဲ့သလို မြန်မာအလုပ်သမား ၃ ဦးကို ထိုင်းရဲက သံသယနဲ့ ဖမ်းဆီး စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Koh Tao ကျွန်းက ဟိုတယ်တခုမှာ တည်းခိုခဲ့ကြတဲ့ အဲဒီကမ္ဘာလှည့်ခရီးသည် ၂ ဦး သူတို့ဟိုတယ်နားက ကျောက်ဆောင်မှာ သေဆုံးနေတာကို တနင်္လာနေ့ မနက်က တွေ့ရတာပါ။ အမှုကို စစ်ဆေးနေတဲ့ ထိုင်းရဲတပ်ဖွဲ့ဘက်က ကမ္ဘာလှည့် ခရီးသည် ၂ ဦးထဲက ၁ ဦးဟာ ခေါင်းကိုရိုက်ခံရလို့ ရေနစ်သေဆုံးပြီး ၁ ဦးက ဦးခေါင်းရိုက်ခံရလို့ သေဆုံးတာလို့ ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် Hannah Witheridge နဲ့ အသက် ၂၄ နှစ်အရွယ် David Miller တို့ရဲ့ အလောင်းတွေကို စစ်ဆေးပြီးတဲ့နောက် ရာဇဝတ်မှုခင်း ဆေးပညာအင်စတီကျူ အကြီးအကဲ Pornchai Sutheerakune က အဲဒီလို အတည်ပြုလိုက်တာပါ။

XS
SM
MD
LG