သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့လို


ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့လို
ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့လို

မြန်မာ့နယ်စပ် ဒေသတွေမှာ ငြိမ်းချမ်းရေး မရနိုင်သေးတဲ့ ကိစ္စဟာ အိမ်နီးချင်း တဘက်နိုင်ငံရဲ့ ပူးပေါင်း ဆောင်ရွက်မှုက အဓိကကျတယ်လို့ မြန်မာစစ်အစိုးရ ဝန်ကြီးတဦးက ပြောလိုက်ပါတယ်။ အဲဒီဒေသက ပြည်သူတွေ လိုလားတောင့်တနေတဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးကို ဘယ်လို အကောင်အထည် ဖော်ပေးနိုင်ပါမလဲလို့ လှိုင်းဘွဲ့မြို့နယ်အမတ်က လွှတ်တော်မှာ မေးမြန်းတာကို စစ်အစိုးရရဲ့ ပြောရေးဆိုခွင့်အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ဖြေကြားရာမှာ အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး မရရှိတာဟာ တဘက်နိုင်ငံရဲ့ ဒုက္ခသည် စခန်းတွေမှာ ကရင်သူပုန်တွေကို ခိုအောင်းနိုင်အောင် ထိုင်းနိုင်ငံက အကူအညီ ပေးထားလို့ ဖြစ်တယ်လို့ စစ်အစိုးရ ဝန်ကြီးတဦးက ပြောကြားလိုက်ပါတယ်။ ကရင်ပြည်သူတွေက လိုလားတောင့်တနေတဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးကို ဘယ်လို အကောင်အထည် ဖော်ပေးနိုင်မလဲလို့ လှိုင်းဘွဲ့မြို့နယ်အမတ် ဦးစောသိန်းအောင်က လွှတ်တော်မှာ မေးမြန်းတာကို စစ်အစိုးရရဲ့ ပြောရေးဆိုခွင့်အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။ ဦးကျော်ဆန်းက ထိုင်းနိုင်ငံကို အမည်မတပ်ဘဲ ရည်ညွှန်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

နော်မေဦးဟာ အင်ဒီယားနား တက္ကသိုလ်မှာ ဥပဒေရေးရာ ပါရဂူဘွဲ့အတွက် လေ့လာနေတဲ့ ကရင်အမျိုးသမီး ပညာရှင်တယောက် ဖြစ်ပါတယ်။ သူကတော့ ငြိမ်းချမ်းရေး ပြဿနာကို အခုလို မြင်ပါတယ်။

“ကျမတို့ တိုင်းပြည်မှာ ဖြစ်ပျက်တဲ့ ပြဿနာကို ပြန်သုံးသပ်တော့ တိုင်းရင်းသားတွေ အပေါ်မှာ နှိပ်ကွပ်မှု၊ နိုင့်ထက်စီးနင်း ပြုကျင့်မှု၊ တိုင်းရင်းသားတွေကို သူတို့နဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေ မပေးမှု၊ အသိအမှတ် မပြုမှု၊ စသဖြင့် အဲဒီကနေ လာတာဖြစ်တယ်၊ ဒီနိုင်ငံရေး ပြဿနာတွေက။

“ဥပမာ မကြာသေးခင်က ကရင်ပြည်နယ်ထဲမှာ ဖျခိုနယ်တဝိုက်မှာ အိမ်ခြေ ၃၀ တောင်မရှိတဲ့ ရွာတရွာကို တပ်အင်အား ၂၀၀ လွှတ်ပြီးတော့ တမနက်တည်းမှာ RPG လက်နက်ကြီး ၇ လုံး၊ ၈ လုံးနဲ့ ပစ်ပြီး ရွာကို မီးဝင်ရှို့သွားတယ်။ ဒီနိုင်ငံရေး ပြဿနာကို ဖြေရှင်းမယ်ဆိုရင် လက်နက်ရေး၊ စစ်ရေးနဲ့ ဖြေရှင်းတာထက် အခွင့်အရေး မရရှိခဲ့တာတွေ၊ မကျေနပ်တာတွေကို ညှိနှိုင်းဆွေးနွေး ပြောဆိုခြင်းအားဖြင့် ကျမတို့ လမ်းရှာလို့ရတယ်။”

ဒါပေမဲ့ ငြိမ်းချမ်းရေးတံခါးကို ဆက်လက်ဖွင့်ထားပြီး ကြိုးပမ်း ဆောင်ရွက်နေတယ်လို့လည်း ဦးကျော်ဆန်းက ဆိုပါတယ်။ မကြာမီ ပေါ်ပေါက်လာမယ့် အစိုးရအသစ်ကလည်း ငြိမ်းချမ်းရေးတံခါးဖွင့် ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် သော့ချက်က ဆွေးနွေးတာပဲ ဖြစ်တယ်လို့ နော်မေဦးက အခုလို ဆက်ပြောပါတယ်။

“စစ်မှန်တဲ့ ငြိမ်းချမ်းရေးလို့ ပြောတဲ့အခါမှာလည်း စစ်တပ်ကပဲ အာဝဇ္ဇန်း ရွှင်ရွှင်နဲ့ပဲ ပြောလာတယ်။ မှန်ကန်ပြီး စေတနာ မြော်မြင်သည့်စိတ်၊ နားလည် စာနာတတ်သည့် စိတ်ထား၊ စတဲ့ စကားလုံး အကြီးတွေ သုံးပြီးတော့ ပြောသွားတယ်။ ကျမတို့ သာမန်လူ ရွာသားတွေ၊ သာမန်ပြည်သူတွေ နားလည်နိုင်မယ့် စကားနဲ့ ပြောစေချင်တယ်။ စစ်ရပ်စဲအောင် ဘာလုပ်ဖို့လိုလဲ၊ ကျမတို့ စကားပြောဖို့လိုတယ်။ အိမ်ခြေ ၃၀ မပြည့်တဲ့ ရွာတရွာကို တပ်သား ၂၀၀ လွှတ်စရာ မလိုဘူး။

“ကျမတို့ စကားပြောဖို့လိုတယ်။ ရွာသားတွေနဲ့ မျက်နှာချင်းဆိုင် ထိုင်ဖို့လိုတယ်။ တိုင်းသူ ပြည်သားတွေနဲ့ သေသေချာချာ နားလည်ပြီးတော့ လက်နက်မပါဘဲနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပြောဆိုမှုမျိုး လိုတယ်လို့ ကျမမြင်ပါတယ်။”

ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေး မရရှိသေးတာဟာ သူပုန်တွေကို ထိုင်းနိုင်ငံက ကူညီထောက်ပံ့ထားပြီး ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခွင့် မပြုဆိုတဲ့ မူကို တိတိကျကျ မလိုက်နာတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဦးကျော်ဆန်းက ပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂျွန် ဟော့ပ်ကင်းစ် (Johns Hopkins) တက္ကသိုလ်မှာ ရောက်ရှိနေတဲ့ ထိုင်းပညာရှင် သီတီနန် ပွန်ဆူဒီရပ်ခ် (Thitinan Pongsudhirak) က အခုလို သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲကြောင့် ထိုင်းနဲ့ မြန်မာကြားမှာ အပြန်အလှန် ဆက်ဆံမှုပုံစံ အသစ်တရပ် ဖြစ်ပေါ်လာနေပါတယ်။ ဒါကြောင့် ခုကိစ္စက ထိုင်းအစိုးရ အပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ ထိုင်းအစိုးရက မြန်မာ ပြန်ကြားရေးဝန်ကြီး ပြောသွားတဲ့အတိုင်း KNU နဲ့ ကရင်သူပုန်တွေကို ထိန်းချုပ် ဟန့်တားမယ်ဆိုရင် ကရင်လှုပ်ရှားမှု အားနည်းသွားနိုင်ပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ထိုင်းအစိုးရကို နိုင်ငံတကာ အသိုက်အဝန်းက ကရင်ဒုက္ခသည်တွေရဲ့ ဘ၀ လုံခြုံစိတ်ချရအောင်၊ ဒုက္ခသည်တွေ လာနိုင်အောင် ဖိအားပေးမှာပါ။”

ထိုင်းနိုင်ငံအဖို့ ရင်ဆိုင်နေရတဲ့ ဒုက္ခသည် ပြဿနာကလည်း မလွယ်လှဘူးလို့ သူက ဆိုပါတယ်။

“ပြဿနာရဲ့ တပိုင်းကတော့ ဥရောပ၊ အမေရိကန် စတဲ့ နိုင်ငံတကာ အသိုက်အဝန်းက အရင်လောက် အကူအညီ မပေးတော့တာပါပဲ။”

နော်မေဦးကတော့ မြန်မာအစိုးရ အနေနဲ့ ဒုက္ခသည် ပြဿနာကို အလေးအနက်ထားဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။

“ထိုင်းနိုင်ငံထဲမှာ ဒုက္ခသည်စခန်းတွေကို ဖွင့်ပေးထားတာဟာ တအားကြီးလည်း လိုလိုလားလားကြီး ဖွင့်ပေးထားတာတော့ မဟုတ်ဘူး။ ကျမတို့ အကျပ်အတည်းတွေ အများကြီးပဲ ရှိတယ်။ စစ်အစိုးရ အနေနဲ့ ဟိုနိုင်ငံ၊ ဒီနိုင်ငံ လက်ညှိုးထိုးပြီးတော့ ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်တာထက် အိမ်နီးချင်း နိုင်ငံတွေ အပေါ်မှာ ကျမတို့ မြန်မာနိုင်ငံက ဝန်ထုပ်ကြီး ဖြစ်နေတာကို ပြန်စဉ်းစားဖို့ လိုတယ်လို့ ကျမမြင်တယ်။”

ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေ ပြဿနာမှာ တရားဝင်မှု ကိစ္စကလည်း ရှိနေတယ်လို့ ထိုင်းပညာရှင်က မြင်ပါတယ်။

“သူပုန်အဖွဲ့တွေ အနေနဲ့ ခုအချိန်မှာ တရားဝင်မှု အကျပ်အတည်း ကြုံနေကြရပါတယ်။ မြန်မာအစိုးရက သူပုန်တွေ အပေါ်ရော၊ ထိုင်းနိုင်ငံ အပေါ်မှာပါ ဖိအားပေးဖို့ ကြိုးစားရာမှာ အခု သူ့မှာ ရှိလာပြီလို့ ပြောနေတဲ့ တရားဝင်မှုအသစ် ဆိုတာကိုလည်း ကျနော်တို့ စောင့်ကြည့်ကြရမှာပါ။”

နိုင်ငံတကာ ပြဿနာတွေကို ကိုင်တွယ်ရာမှာ အစိုးရတရပ်ရဲ့ တရားဝင်မှုက စကားပြောတတ်တာမို့ ဦးကျော်ဆန်းရဲ့ တင်ပြချက် ဘယ်အထိ ပေါက်မလဲ ဆိုတာကို သုံးသပ်သူတွေက စောင့်ကြည့်နေကြပါတယ်။

XS
SM
MD
LG