သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ နေရပ်ရင်း ပြန်ဖို့ ထိုင်းလိုလား


ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။
ထိုင်းနိုင်ငံ တွင်းမှာ ရှိတဲ့ မြန်မာ ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့ရေး ဆောင်ရွက်နိုင်ဖို့ အတွက် မြန်မာ ဘက်က ကော်မတီ ဖွဲ့ထားတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေရပ် ရင်းပြန်ပို့ဖို့ ကိစ္စကို ထိုင်းနိုင်ငံ ဘက်ကလည်း လိုလားဆောင်ရွက်နေတဲ့ အကြောင်းတွေကို ထိုင်းနိုင်ငံ တက်ခ် ခရိုင်တွင်းက ခရိုင်ဝန်က မဲဆောက်မြို့မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောဆိုသွားပါတယ်။ ဆိုတော့ ထိုင်းမြန်မာ နယ်စပ်က မြန်မာ ဒုက္ခသည်တွေ၊ နေရပ်ရင်းပြန်ဖို့ နီးနေ ပါပြီလား၊ ဒီလိုပြန်သွားမယ် ဆိုရင်ရော ဒုက္ခသည်တွေ အတွက် လုံခြုံစိတ်ချမှုရှိပါ့မလားဆိုတာ ဆက်သွယ်စုံစမ်းထားတဲ့ မအေးမာက အကြောင်းစုံပြောပြပါမယ်။

ထိုင်းနိုင်ငံတွင်းမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ရင်းပြန်ဖို့အတွက် လိုလားနေတဲ့ အကြောင်းကို ထိုင်းနိုင်ငံ တက်ခ်ခရိုင်ဝန် မစ္စတာ ဆူရိယ ပရာဆန်ဘန်ဒစ်က သတင်းထောက်တွေနဲ့ တွေဆုံချိန်မှာ အခုလိုပြောသွားတာပါ။

သူပြောသွားတာကတော့ ဒုက္ခသည်တွေ ပြန်လည်နေရာချထားဖို့ ၊ အဲဒီနေရာကို ဒုက္ခသည်ကိုယ်စားလှယ်တွေ အရင်သွားပြီး စစ်ဆေးနိုင်ဖို့ မြန်မာဘက် ကလည်း ကော်မတီ ဖွဲ့ထားတယ်လို့ ဆိုပါတယ်။ သူတို့ လေ့လာချက်တွေအရတော့ ဒုက္ခသည် ၃၀ ရာခိုင်နှုန်းကတော့ ကိုယ့်မြေ ကိုယ်ပြန်ချင်တယ်။ ၊ အများစုကတော့ တတိယနိုင်ငံ သွားချင်ကြတယ်။ တချို့က ထိုင်းမှာပဲ ဆက်နေချင်တယ်လို့ ဆိုပါတယ်။ ကျနော်တို့ဘက်က ကျပြန်တော့လည်း နိုင်ငံထဲကို တရားမဝင် ခိုးဝင်တဲ့ပြဿနာ ၊ တရားမဝင်အလုပ်ဝင်လုပ်တာ ၊ စိုကိပျိုးရေးဝင်လုပ်တာ ၊ သစ်ပင်တွေ ခိုးခုတ်ပြီး သစ်တောတွေ ဖျက်ဆီးနေတဲ့ ပြဿနာတွေ ဖြေရှင်းချင်တယ် ၊ ဒါကြောင့် သူတို့ကို ၊ ဒီ ၂ နှစ် ၃ နှစ်ထဲမှာ အမြန်ပြန်ပို့ချင်ပါတယ် ဆိုပြီး ပြောသွားတာပါ။

ဒုက္ခသည်တွေပြန်ပို့ရေးနဲ့ပတ်သက်လို့ မြန်မာဘက်က ကော်မတီဖွဲပြီးပြင်ဆင်နေပြီလို့ဆိုပေမဲ့ ကရင်ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ KRC ကတော့ သူတို့နဲ့ ဆက်စပ်ဆောင်ရွက်တဲ့ အဖွဲအစည်းတွေ မရှိသေးတဲ့အကြောင်း ပြောဆိုသလို ဒုက္ခသည်တွေ ပြန်ပို့ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ KRC ဥက္ကဌ ဦးရော်ဘတ်ထွေးက ဆိုပါတယ်။

“ ကျနော်တို့ ဒုက္ခသည်ကော်မတီအနေနဲ့ လုံးဝမသိသေးဘူးလေ အဲ့ဒီ့ကိစ္စနဲ့ ပတ်သက်တာနော်။ အခုလောလောဆယ် ကျနော်တို့ ဒုက္ခသည်ပြန်ပို့ဖို့က မသင့်တော်သေးဘူးပေါ့။”

အုန်းဖျန်ဒုက္ခသည်စခန်း ကော်မတီဥက္ကဌ စောဝါးထီးကတော့ ဒုက္ခသည်တွေပြန်ဖို့ အတွက် ငြိမ်းချမ်းရေး အခြေအနေက တည်ငြိမ်မူတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

“ ဒုက္ခသည်ပြန်ရေးကတော့ ဘယ်အဖွဲ့အစည်းကမှ ဆက်သွယ်တာ မရှိဘူး။ ကျနော်ကတော့ ထိုင်းနိုင်ငံအစိုးရကိုသော်လည်းကောင်း၊ UNHCR အနေနဲ့သော်လည်းကောင်း၊ ကျနော်တို့ ဒုက္ခသည်များရဲ့ အမြင်ကို ပြောရမယ်ဆိုရင်တော့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောချင်တယ်။ ဒီနေ့လက်ရှိ မြန်မာပြည်တွင်း အခြေအနေဟာ ငြိမ်းချမ်းရေး ဆိုတဲ့ စကားဟာ ပြောတဲ့ သဘောလောက်ပဲရှိသေးတယ်။ အကောင်အထည်ဆိုတာ သက်သေပြလို့မရသေးဘူးလေ။ ငြိမ်းချမ်းရေးဆိုတဲ့စကားဟာ နူတ်ဖျားနဲ့ပဲ ဆွေးနွေးပြောဆိုတယ်ဆိုတော့ ကျန်တဲ့ လုပ်ငန်းဆိုင်ရာ ၊ အခြားအထွေထွေ ကိစ္စတွေဟာ ဘာတစ်ခုမှ ပြောကြ၊ မဆွေးနွေးကြသေးဘူး။ ကျနော်တို့ ဘယ်လိုနည်းနဲ့မှ လက်ခံလို့မရသေးဘူးလေနော်။”

ထိုင်းနိုင်ငံတွင်းမှာ ဒုက္ခသည် တစ်သိန်းကျော်ရှိနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာတော့ အခြေအနေတည်ငြိမ်ရင် နေရပ်ရင်းကိုပြန်လိုတဲ့ ဒုက္ခသည်တွေရှိနေသလို တတိယနိုင်ငံကို ထွက်ခွါလိုတဲ့ ဒုက္ခသည်အရေအတွက်က ပိုများနေပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းကတော့ ဒုက္ခသည်အများစုကို လက်ခံခေါ်ယူပေးမယ့် အမေရိကန်နို်င်ငံက ဒုက္ခသည်တွေကို ခေါ်ယူတဲ့ အစီအစဉ်ကို ရပ်နားတော့မယ်ဆိုတဲ့ သတင်းကြောင့်လည်း ဒုက္ခသည်တွေအနေနဲ့
စိုးရိမ်မူတွေ ရှိနေခဲ့တာပါ။

အခုအခါမှာတော့ နေရပ်ရင်းကိုပြန်ရမယ်ဆိုတဲ့သတင်းတွေကြောင့်လည်း အခြေတကျမဖြစ်မှာ စိုးရိမ်မူတွေ စားသောက်ရေး၊ အလုပ်အကိုင်ရှာဖွေရေး ဆိုတာတွေက ပြင်ဆင်မူတွေ မရှိဘဲ ပြန်ဖို့ကတော့ အခက်အခဲတွေရှိနိုင်တယ်လို့ ဒုက္ခသည်တွေဘက် ကတော့ ပြောဆိုကြပါတယ်။
XS
SM
MD
LG