သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်အလုပ်သမား မှတ်ပုံတင်မှု ထိုင်း စတင်မည်


ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းရဲများက ပြန်ပို့ရန်စီစဉ်နေစဉ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းရဲများက ပြန်ပို့ရန်စီစဉ်နေစဉ်။
ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေကြသူတွေအတွက် ခရိုင် ၂၂ ခုမှာ အလုပ်သမား မှတ်ပုံတင်လုပ်ငန်းတွေကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အကြောင်း ဇွန်လ ၂၁ ရက်နေ့က ဘန်ကောက်မြို့မှာကျင်းပတဲ့ ထိုင်းစစ်အစိုးရရဲ့ နိုင်ငံခြားသားအလုပ်သမားများ စနစ်တကျဖြစ်ရေးအစည်းအဝေးမှာ သဘောတူညီမှု ရခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမျာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို တရားဝင် မှတ်ပုံတင်နိုင်ရေး ထိုင်းစစ်အစိုးရက ဘန်ကောက်မြို့နားမှာရှိတဲ့ ဆမွတ်ဆခုံ ခရိုင်၊ မဟာချိုင်ဒေသမှာ စပြီးဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်နေကြတဲ့ မဟာချိုင်ဒေသဟာ ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့စက်ရုံအတော်များများရှိပြီး လာမယ့် ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အကြောင်း ဇွန်လ ၂၁ ရက်နေ့က ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသား အလုပ်သမားများ စနစ်တကျ ဖြစ်ရေး အစည်းအဝေးမှာ ထိုင်းအာဏာပိုင်တွေက သဘောတူညီချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလက်မှတ်ဟာ တရားမဝင် နေထိုင်နေရသူတွေအတွက်တော့ အဆင်ပြေနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။

“လုံးဝမရှိတာနဲ့စာရင်တော့ အဲလိုမျိုးလေးကျ နည်းနည်းလေး ကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ရောက်ရောက်ချင်း ပြန်မယ်ဆိုလည်း တချို့က လယ်ရောင်းပြီးလာကြတယ်။ ငွေတိုးချေးပြီးလာကြတယ်။ တချို့ကကျတော့လည်း ချက်ခြင်းလက်ငင်း အိမ်ပြန်သွားမယ်ဆိုတော့လည်း အကြွေးပြန်ဆပ်ဖို့တို့၊ လမ်းစရိတ်လည်းမရှိဆိုတော့ ပိုဆိုးသွားမလားလို့ပေါ့နော်။ တချို့ ကျတော့လည်း အိမ်ကနေ ထွက်လာပြီးပြီဆိုမှတော့ သူတို့က အကြွေးတွေမကျေမချင်း တနှစ်လောက်ကတော့ အကြွေးမကျေနိုင်တဲ့အတွက် ချက်ခြင်းကတော့ ပြန်ဖို့ က အိမ်မှာတော့ အဆင်မပြေလောက်ဘူးပေါ့နော်။”

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၄ နှစ်ခန့်ကစပြီး ယာယီနိုင်ငံကူးလက်မှတ်နဲ့ နေထိုင်နေကြသူတွေလည်း ရှိနေပါတယ်။ အလုပ်သမားလက်မှတ်နဲ့အတူတွဲပြီး နိုင်ငံကူး လက်မှတ်လုပ်ထားကြပေမယ့် အလုပ်သမားတွေအတွက်ကတော့ စိုးရိမ်ပူပန်စွာ နေထိုင်နေကြရတာပါ။ နယ်စပ်မှာနေထိုင်သူ ရွှေ့ပြောင်းအလုပ်သမားတွေကတော့ ပွဲစားတွေကို ဘတ်ငွေ တစ်သောင်းခွဲဝန်းကျင်အထိ ပေးပြီး နိုင်ငံကူးလက်မှတ်လုပ်နေကြရတာနဲ့ နှိုင်းယှဉ်ရင် အခုလို ထိုင်းနိုင်ငံက တရားဝင် မှတ်ပုံတင်ခွင့်ပေးမယ်ဆိုရင် အဆင်ပြေနိုင်တယ်လို့ ဆိုကြသူတွေလည်း ရှိပါတယ်။

“တရားဝင်နေထိုင်ခွင့် ထုတ်ပေးလိုက်တာ ပိုပြီး အဆင်ပြေမယ်လို့တော့ ထင်တာပေါ့နော်။ ပတ်စ်ပို့နဲ့စာလို့ရှိရင် ဒီ တရားဝင်လက်မှတ်က ဆေးကုသခွင့်တွေ၊ ဘာတွေ ရှိမယ်ဆိုလို့ရှိရင် ကျမတို့အနေနဲ့ ပိုပြီးတော့ အဆင်ပြေပါတယ်။ ပတ်စ်ပို့အနေနဲ့ လုပ်မယ်ဆိုရင် တချို့က မလုပ်နိုင်ကြဘူးပေါ့နော်။ မလုပ်နိုင်ကြဘူး၊ ပြေစာထုရမှာနဲ့ ဘာနဲ့ အခု နေထိုင်ခွင့်ဆိုလို့ရှိရင် တချီတည်းနဲ့ ပြီးသွားပြီ။ အခု ပတ်စပို့ကြီးကိုင်ပြီး သွားလိုက်မယ်ဆိုလို့ရှိရင်လည်း ရဲက တခါ နင်တို့ တုံးမထုရသေးဘူး၊ တော်ကြာ ဘာဖြစ်တယ်။ ဒီနယ်ကနေ ဟိုနယ်ကျွံတယ်ဆိုပြီးတော့ ဖြစ်သေးတယ်။”

ဒီလို လက်မှတ်မျိုးကို လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ထိုင်းနိုင်ငံထဲမှာ နေထိုင်ခွင့်နဲ့ အလုပ်သမားလက်မှတ်ဆိုပြီး လုပ်ပေးခဲ့ဖူးပါတယ်။ အခု စစ်အစိုးရကတော့ ဘယ်လို ကန့်သတ်ချက်တွေ ထားပြီး လုပ်ပေးမယ်ဆိုတာ မသိရသေးပေမယ့် ဒီလက်မှတ်တွေဟာ အလုပ်လုပ်တဲ့နေရာတွေမှာပဲ နေထိုင်ရပြီး ခရီးသွားလာခွင့်မရတဲ့အတွက် အလုပ်သမားတွေအတွက် အခက်အခဲတွေ ရှိခဲ့ဖူးပါတယ်။
အရင်တုန်းက ထုတ်ပေးခဲ့တဲ့လက်မှတ်မျိုး ဖြစ်လာနိုင်မယ်ဆိုရင်တော့ ခရီးသွားလာဖို့ ခက်ခဲနိုင်တယ်ဆိုပြီး နိုင်ငံကူးလက်မှတ်နဲ့နှိုင်းယှဉ်ပြီး အလုပ်သမားတစ်ဦးက အခုလို ပြောသွားပါတယ်။

“သွားသွားလာလာအတွက် အဆင်ပြေသွားလို့ တမျိုးတော့ ကောင်းတာပေါ့နော်။ လောလောဆယ် အလုပ်တမျိုးပဲ လုပ်မယ်ဆိုတဲ့သူအတွက်ကတော့ အလုပ်သမားခတစ်ခုတည်းနဲ့ လုံလောက်တယ်။ တကယ်လို့ အိမ်ပြန်ချင်တာတို့၊ အခက်အခဲရှိလို့တို့ပေါ့နော်- သွားချင်လာချင်တဲ့သူအတွက်ကတော့ ဘတ် (နေထိုင်ခွင့်) တခုရှိတယ်ဆိုရင် ပိုပြီးတော့ ကောင်းတယ်လို့ ထင်တာပဲလေ။”

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၂ သန်းခွဲကနေ ၃ သန်းလောက်အထိ ရှိပြီး တရားမဝင်နေထိုင်သူက ထက်ဝက်ကျော်ရှိတယ်လို့ နှစ်နိုင်ငံအစိုးရတွေက ခန့်မှန်းထားပါတယ်။ ထိုင်းနိုင်ငံထဲမှာ စစ်တပ်က အာဏာသိမ်းအပြီး တရားမဝင် နေထိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အဖမ်းအဆီးတွေ ရှိခဲ့ပြီး နေရပ်ရင်းပြန်ပို့တာတွေ ရှိနေပါတယ်။ ဒီလို အခြေအနေ ဖြစ်လာပြီးနောက်ပိုင်း တရားဝင် အလုပ်လုပ်နေကြသူတွေရော တရားမဝင် အလုပ်လုပ်နေတဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေဟာ သိန်းနဲ့ချီပြီး နေရပ်ရင်းကို ပြန်သွားခဲ့ကြတဲ့အတွက် ထိုင်းနိုင်ငံရဲ့စီးပွားရေးကို ထိခိုက်မယ့်အခြေအနေကို ထိုင်းအစိုးရက စိုးရိမ်ခဲ့ရပါတယ်။

ဒါကြောင့် နိုင်ငံခြားသား အလုပ်သမားတွေကို ဖမ်းဆီးနေတဲ့ မူဝါဒ မရှိဘူးဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။ အခုအခါမှာတော့ ထိုင်းအာဏာပိုင်တွေဟာ အလုပ်သမား လိုအပ်ချက်ရှိနေတဲ့ ခရိုင် ၂၂ ခုမှာ အလုပ်သမားလက်မှတ် စတင်လုပ်ဆောင်ပေးမှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအရရော စီးပွားရေးအခြေအနေအရပါ အဆင်ပြေအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ နိုင်ငံခြားသား အလုပ်သမားတွေ စနစ်တကျဖြစ်ရေးအစည်းအဝေးမှာ အလုပ်သမား ၂ သန်းလောက် မှတ်ပုံတင်လိမ့်မယ်လို့လည်း ခန့်မှန်းပြောဆိုသွားပါတယ်
XS
SM
MD
LG