သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလူသတ်မှု စွပ်စွဲခံရသူ ၂ ဦးကို မြန်မာသံရုံး တွေ့ဆုံ


ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ သတ်ဖြတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို မြန်မာအစိုးရ အထူးတာဝန်ပေးထားတဲ့ မြန်မာသံရုံးအရာရှိတွေနဲ့ ဥပဒေပညာရှင်တွေ၊ အလုပ်သမားရေး လုပ်ဆောင်သူတွေ သွားရောက်တွေ့ဆုံခဲ့ပြီး တရားခံတွေအဖြစ် စွပ်စွဲခံရသူတွေရဲ့ ဆန္ဒအတိုင်း ဥပဒေအရ အကာကွယ်ပေးနိုင်ဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးသတ်ဖြတ်ခံရမှုအတွက် မြန်မာနိုင်ငံသား ၂ ဦးကို တရားခံတွေအဖြစ် ထိုင်းရဲတွေက အောက်တိုဘာလ ၃ ရက်နေ့မှာ ပြောဆိုလိုက်ပြီးနောက် မြန်မာနိုင်ငံသားလူငယ် ၂ ဦးကို ကော့စမွီ အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။

နောက်တဦးကိုတော့ သီးခြား ခွဲထားခဲ့တာပါ။ အောက်တိုဘာလ ၆ ရက်နေ့မှာတော့ မြန်မာသံရုံးက အထူးတာဝန်ပေးထားတဲ့ ဒုတိယကောင်စစ်ဝန်အရာရှိနဲ့ ရှေ့နေတွေ လိုက်ပါပြီး တရားခံအဖြစ် စွပ်စွဲခံရသူတွေကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မြန်မာသံရုံးက ဒုတိယကောင်စစ်ဝန် ဦးထွန်းအေးက အခုလို ပြောပြပါတယ်။

“ဘာသာပြန်ကတော့ သူတို့ကိုတော့ နည်းနည်း မဖြေဖြေအောင်လို့ Leading Question တွေ မေးတယ်။ ဖြေခိုင်းတယ်လို့တော့ သူတို့က ပြောပါတယ်ခင်ဗျ။ အဲ့ဒီကလေးနှစ်ယောက်က။ သူတို့ ဒီ ဝန်မခံလို့ရှိရင်လည်း သူတို့ ဒီ အဖြေတခုကို ဝန်မခံတဲ့အတွက်ကြောင့် သူတို့ကို ပိုပြီးတော့မှ တခုခု ဟိုဟာပေါ့လေ ဖိအားပေးတာတွေဘာတွေ၊ စိုးရိမ်တယ်ပေါ့။ အဲ့ဒါကြောင့် သူတို့ ဝန်ခံလိုက်တယ်လို့တော့ ပြောပါတယ်။ သူတို့က မူးနေတဲ့အခါကျတော့ သူတို့ကိုယ်သူတို့ သေချာ ပြန်ပြီးတော့မှ ဒီ မစဉ်းစားတတ်ဘူးလို့ လုပ်မိကောင်းလည်း လုပ်မိလိမ့်မယ်လို့ သူတို့ကထင်တယ်တဲ့ အဲ့လိုပြောတယ်။ ဟို ထောင်တာဝန်အရာရှိ တာဝန်ခံတွေကို ကျနော်တို့ ထပ်ပြီးတော့ မေတ္တာရပ်ခံထားတယ်။ ဒီကလေးတွေက ဘာပဲဖြစ်ဖြစ်လေ ဟို ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန်သည်ဖြစ်စေ ထိန်းသိမ်းထားပြီးပြီ။ သူတို့ရဲ့ ကျန်းမာရေး အဘက်ဘက်ကပေါ့ဗျာ၊ နေထိုင်စားသောက်ရေး အဘက်ဘက်က တရားဥပဒေဘောင်ထဲကနေမှ ဆောင်ရွက်ပေးဖို့ ဆိုလိုတာက အတိုင်းထက်အလွန် သူတို့ မနှိပ်စက်ဖို့ပေါ့ဗျာ အဲ့လို ကူညီပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ အလားတူပဲ ဒီနယ်မြေမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့ကိုယ်သူတို့ မလုံခြုံသလို စိတ်ထဲမှာခံစားရတယ်။ သူတို့ရဲ့ ထိုင်းဥပဒေဘောင်ထဲကနေမှ ကာကွယ်စောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။”

တရားခံတွေအဖြစ် စွဲချက်တင်ခံထားရသူတွေထဲက ကော့စမွီအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ၂ ဦးကို တွေ့ခွင့်ရခဲ့ပြီး နောက်ထပ် သက်သေအဖြစ် ဖမ်းဆီးထားတဲ့ လူငယ်တဦးကိုတော့ တွေခွင့် မရသေးဘူးလို့ ဆိုပါတယ်။ ဒီ့အတွက် တွေ့ဆုံခွင့်ရဖို့အတွက်လည်း မြန်မာသံရုံးက ဆက်လက် ကြိုးစားနေပါတယ်။ မြန်မာသံရုံးက လက်ရှိ စစ်ဆေးမေးမြန်းနိုင်ဖို့အတွက် တာဝန်ပေးအပ်ထားတဲ့ ရှေ့နေဦးအောင်မျိုးသန့်ကတော့ တရားခံအဖြစ် စွပ်စွဲခံရသူတွေရဲ့ အမှုတွဲတွေကို ကူးယူခွင့်မရသေးပေမဲ့ တရားခံအဖြစ် စွဲချက်တင်ခံထားရသူတွေက ဥပဒေအရ အကူညီပေးနိုင်ဖို့အတွက် လက်ခံတဲ့ ရှေ့နေလုပ်ပိုင်ခွင့် သဘောတူလက်မှတ်တော့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကို စစ်ဆေးမေးမြန်းခဲ့တဲ့ အမှုဖြစ်စဉ်ကိုလည်း ဆက်ပြောပြပါတယ်။

“ပထမနံပါတ်တစ် ဝန်ခံပါတယ်ဆိုတဲ့ ကလေးကို ရဲကရိုက်ထားတယ်။ နောက်တခါ ကလေးကိုယ်တိုင်ကနေပြီးတော့ ဘာသာပြန်က နားရင်းကို လေးချက်လောက် ရိုက်တယ်လို့ ပြောပါတယ်။ အဲ့ဒါ ပထမဆုံးဝန်ခံတဲ့ ကလေးပါ။ ထို့အတူပဲ ခုနကပြောတဲ့ ဒုတိယကလေး ဇော်လင်းကလည်း လက်သီးနဲ့ ရင်ဘတ်ကို ၄ ချက် အထိုးခံရတယ်တဲ့။ ဘယ်သူကထိုးသလဲဆိုတော့ ပထမဆုံး ရဲကထိုးပြီးတဲ့အခါမှာ ဘာသာပြန်က ဝင်ထိုးတာ။ သူတို့ပြောတဲ့စကားကို ပြန်ပြောရမယ်ဆိုရင် ကျနော်တို့ စတုန်းက သူတု့ိ ဝင်ဖမ်းတဲ့အချိန်တုန်းက မဝန်ခံပါဘူး။ ရိုက်ပြီးတဲ့နောက်မှ သူတို့ ဝန်ခံပါတယ်လို့ ပြောပါတယ်။ ဒီစကား သူတို့ပါးစပ်က ထွက်တဲ့စကားပါ။ ဝန်မခံဘူးဆိုရင် ဓာတ်နဲ့တို့မယ်ဆိုတဲ့ စကားကို ပြောတာတော့ ကျနော့်ကို ပြောပြပါတယ်။ အဲ့ဒီအခါမှာ သူတို့က သူတို့ကို ဥပဒေအရ ကိုင်တွယ်ပေးဖို့ဆိုပြီး ပြောပါတယ်။ ပြောရုံတင်မကသေးဘဲ သူတို့အတွက် ဥပဒေအရ ဆောင်ရွက်ပေးဖို့ဆိုပြီးတော့ ရှေ့နေအနေနဲ့ ကိုယ်စားလှယ်ပါဝါနဲ့ ဆောင်ရွက်ဖို့ လာခဲ့ပါတယ်။ ကျူးလွန်တဲ့ ပုံစံမျိုးတော့ မပြောပါဘူး။ သူတို့အဲ့ဒီမှာ မူးနေတယ်။ အဲ့ဒီနားမှာ ရှိနေတယ်ဆိုတာတော့ ပြောခဲ့ပါတယ်။ အဲတော့ ကျနော်တို့က စိတ်မကောင်းတာက ကလေးတွေအပေါ်မှာ --- တာရယ်၊ ရိုက်တယ်ဆိုတဲ့ သတင်းကြားတော့ ကျနော်တို့က ခုနပြောတဲ့ ထောင်အာဏာပိုင်တွေနဲ့ တွေ့ခွင့်တောင်းတယ်။ မြန်မာနိုင်ငံသားတွေကို အခုရှိတဲ့ တရားခံ ၂ ယောက်အပါအဝင် အားလုံးကို ကျန်းမာရေးတို့ အကုန်စောင့်ရှောက်ပေးဖို့ ပြောခဲ့တာပါ။"

မြန်မာသံရုံးက အရာရှိ ၂ ဦး ထိုင်းရှေ့နေများကောင်စီက ၁ ဦးနဲ့ ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေတဲ့အဖွဲ့က ၅ ဦး လိုက်ပါဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအမှုဟာ စက်တင်ဘာလ ၁၅ ရက်နေ့ညကဖြစ်ပွားခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် လူတွေရာနဲ့ချီပြီး DNA စစ်ဆေးမှုတွေ လုပ်ခဲ့တာပါ။ တရားခံအဖြစ် စွပ်စွဲခံရသူတွေထဲက ၂ ဦးဟာ အမှုဖြစ်ဖြစ်ချင်းမှာ စတင် ဖမ်းခံထားရပြီး ပြန်လွှတ်ပေးထားသူများ ဖြစ်ပါတယ်။ ဒုတိယအကြိမ် အဖမ်းခံရတဲ့အချိန်မှာတော့ သူတို့ကို တရားခံများအဖြစ် ထိုင်းရဲတွေ စွပ်စွဲခဲ့ပြီး စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် နိုင်ငံတကာ သတင်းမီဒီယာတွေမှာလည်း ရေးသားဖော်ပြနေသလို မြန်မာနိုင်ငံသားတွေကြားမှာလည်း ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အငြင်းပွားဖွယ် ဖြစ်နေပါတယ်။ ကော့တောင်ကျွန်းမှာလည်း တရားခံအဖြစ် ထိန်းသိမ်းခံရတဲ့သူတွေနဲ့ ပတ်သက်ဆက်နွယ်နေသူများ ဖိအားပေးခံနေရတယ်လို့ ပြောဆိုနေကြပြီး ကျွန်းက မြန်မာတွေကတော့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေရပါတယ်။ ဒီကျွန်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ ထောင်လောက် အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG