သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့မီးဖိုချောင်မှာ ပိတ်မိတဲ့ လုပ်သားတွေထဲ မြန်မာပါဝင်


(Credit: www.swedwatch.org)
(Credit: www.swedwatch.org)

ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ဈေးကွက်ဖြစ်တဲ့ ဥရောပကို တင်ပို့မယ့် ကြက်သားစက်ရုံတွေက ပြည်ပအလုပ်သမားတွေဟာ အလုပ်ရှင်တွေရဲ့ မတော်မတရားမှုတွေကို ခံနေကြရတယ်လို့ Swedwatch နှင့် Finnwatch အဖွဲ့ ၂ ဖွဲ့က ဗုဒ္ဓဟူးနေ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

Trapped in the Kitchen of the World ကမ္ဘာ့မီးဖိုချောင်မှာ ပိတ်မိနေခြင်း အစီရင်ခံစာမှာ မြန်မာနဲ့ ကမ္ဘောဒီးယားလို အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံရဲ့ ကြက်သားလုပ်ငန်းတွေမှာ ခေါင်းပုံဖြတ် ခံနေကြရပြီး ကျွေးတင်ကျွန် ဖြစ်ကြရတယ်လို့လည်း ဖော်ပြထားပါတယ်။

စက်ရုံကို ပြည်ပက လာရောက်စစ်ဆေးသူတွေဟာ အစားအစာ လုံခြုံသန့်ရှင်းမှုကိုသာ စစ်ဆေးပြီး၊ အလုပ်သမားတွေရဲ့ အခြေအနေထက် အဲဒါကိုသာ အလေးထားခဲ့ကြတယ်လို့ သုတေသီတွေကပြောကြောင်း ကိုးကားဖော်ပြထားတာ ဖြစ်ပါတယ်။ ဥရောပကို ကြက်သားတင်သွင်းတဲ့ ထိုင်းကုမ္ပဏီ ၄ ခုပိုင် စက်ရုံ ၆ ရုံမှာ Swedwatch နှင့် Finnwatch တို့က တွေ့ဆုံမေးမြန်းပြီး အချက်အလက်တွေ ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ရဲ့ တွေ့ရှိချက်အရ အိမ်နီးချင်းနိုင်ငံတွေက လာရောက် အလုပ်လုပ်ကိုင်သူတွေဟာ ပွဲစားတွေနဲ့ အလုပ်ရှင်တွေကနေ သူတို့ရဲ့ ပတ်စ်ပို့တွေကို သိမ်းထားပြီး၊ သူတို့ရတဲ့ လခတွေကလည်း ပွဲစားခတွေ အဆမတန် ဖြတ်ယူတာ ခံကြရတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အဲဒီစက်ရုံ ၄ ရုံမှာ ကလေးလုပ်အား အသုံးပြုကြတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

အလုပ်သမား အများအပြားဟာ စကားနဲ့သော်လည်းကောင်း ကိုယ်ထိလက်ရောက်သော်လည်းကောင်း မတော်မတရား ပြုလုပ်ခဲ့ကြပေမဲ့ - တရားဝင် လာရောက် စစ်ဆေးတဲ့အချိန်မှာ အကြီးအကဲတွေက ဒီကိစ္စတွေကို ဖုံးကွယ်ထားတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အလားတူ မတော်မတရား လုပ်ရပ်တွေဟာ ထိုင်းနိုင်ငံရဲ့ ပင်လယ်စာလုပ်ငန်းမှာလည်း ရှိခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာမှာ ထိုင်းနိုင်ငံကို အဆင့် လျှော့ချခဲ့ပါတယ်။

အလုပ်သမားတွေအပေါ် ကျွန်လို ခိုင်းစေမှုနဲ့ တရားမဝင် ငါးဖမ်းမှုတွေကို လိုက်နာဖို့ ပျက်ကွက်တယ်ဆိုရင် ထိုင်းပင်လယ်စာလုပ်ငန်းကို ပိတ်ပင်မယ်လို့ ဥရောပသမဂ္ဂကလည်း ခြိမ်းခြောက်ထားပါတယ်။

ကြက်သားဟာ ကမ္ဘာပေါ်မှာ စားသုံးမှု အများဆုံး အသား ဖြစ်လာပြီး၊ နောက် ၅ နှစ်မှာ ဝက်သားကို ကျော်တက်တော့မှာ ဖြစ်ပါတယ်။ ကြက်သား လူကြိုက်များ လာတာနဲ့အမျှ ထိုင်းနိုင်ငံက ကြက်သားလုပ်ငန်းရှင်တွေ များစွာ အကျိုးဖြစ်ထွန်းလာပြီး၊ ၂၀၁၄ ခုနှစ်အတွင်း ဥရောပသမဂ္ဂကို ကြက်သားတန်ချိန် ပေါင်း ၃ သိန်းနီးပါး တင်ပို့ခဲ့တယ်လို့ ဆွီဒင်ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့တခုက ပြောပါတယ်။

XS
SM
MD
LG