သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအပန်းဖြေ ဟိုတယ် လုပ်ငန်း ရွှေ့ပြောင်း လုပ်သားတွေ ခေါင်းပုံဖြတ်ခံရ


(Credit: http://fairaction.se)
(Credit: http://fairaction.se)

နိုင်ငံတကာ လူ့အခွင့်အရေးနေ့နဲ့ တိုက်ဆိုင်ပြီး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတရပ်မှာတော့ - ထိုင်းနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံက ပြောင်းရွှေ့အလုပ်သမားတွေဟာ တဘက်နိုင်ငံမှာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလစာတောင် မရကြဘဲ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေကြရတယ်လို့ ဆွီဒင် NGO အဖွဲ့ ၂ ဖွဲ့က ပူးတွဲ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်း က ဆက်ပြောပြပါမယ်။

ထိုင်းနိုင်ငံရဲ့ အဓိက နိုင်ငံခြားဝင်ငွေရရှိရာ ကဏ္ဍတခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ စားပွဲထိုးတွေ၊ ဥယျာဉ်ခြံလုပ်သားတွေနဲ့ သန့်ရှင်းရေးသမား အများအပြားဟာ အနိမ့်ဆုံးလစာထက်နည်းပြီး ရနေကြတဲ့အပြင် ခွဲခြားဆက်ဆံခံရပြီး လစာနဲ့ ခွင့်လည်း ခံစားခွင့်မရှိတဲ့အတွက်ကြောင့် အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်လို့ တွေ့ရှိချက်တွေကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဆွီဒင်က Schyst Resande နဲ့ Fair Action NGO အဖွဲ့ ၂ ဖွဲ့က ဗုဒ္ဓဟူးနေ့က ပူးတွဲထုတ်ပြန်တဲ့ အဲဒီ အစီရင်ခံစာမှာ ထိုင်းတောင်ပိုင်း အပန်းဖြေကျွန်းတွေဖြစ်ကြတဲ့ Khao Lak နဲ့ Phuket တို့ရှိ ဆွီဒင်က ထိပ်တန်း ကမ္ဘာလှည့်ခရီးသွားကုမ္ပဏီ ၃ ခုတို့ အသုံးပြုတဲ့ ဟိုတယ်တွေမှာ အများအားဖြင့် လုပ်ကိုင်နေကြတဲ့ အိမ်နီးချင်းမြန်မာနိုင်ငံက အလုပ်သမားတွေဟာ ခေါင်းပုံဖြတ် ခံနေကြရတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဆွီဒင် ကမ္ဘာလှည့်ခရီးသွားကုမ္ပဏီ ၃ ခုတို့ဖြစ်ကြတဲ့ Ving, Fritidsresor နဲ့ Apollo တို့ အများအားဖြင့် အသုံးပြုတဲ့ ဟိုတယ် ၇ ခုတို့က အလုပ်သမား ၂၉ ဦးတို့ကို NGO အဖွဲ့ ၂ ဖွဲ့က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ၁၇ ဦးက သန့်ရှင်းရေးအလုပ်သမားတွေ စားပွဲထိုးတွေနဲ့ ပန်းခြံလုပ်သားတွေဖြစ်ကြပြီး ကျန် ၁၁ ဦးကတော့ ဟိုတယ်တွေအတွက် မုန့်ဖုတ်လုပ်ငန်းနဲ့ အဝတ်လျှော်လုပ်ငန်း အပါအဝင် ဝန်ဆောင်လုပ်ငန်းနဲ့ ကုန်စည်တွေကို တင်သွင်းနေကြတဲ့ ကော်မတီတွေရဲ့ အလုပ်သမားတွေ ဖြစ်ကြတာတွေ့ရတယ်လို့ ဆိုပါတယ်။ ပြောင်းရွှေ့အလုပ်သမားတွေ အဓိက အနှိမ်ခံရတာနဲ့ ပတ်သက်လို့ Fair Action ရဲ့ Project Manager ဖြစ်တဲ့ Amanda Söderlund က အခုလို ဗွီအိုအေကို ပြောပါတယ်။

“ကျမတို့တွေ့ဆုံမေးမြန်းခဲ့တဲ့ ဟိုတယ်အလုပ်သမား စုစုပေါင်း ၁၈ ဦးအနက် တဝက်က ထိုင်းဥပဒေအရ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလစာကို မရရှိကြပါဘူး။ ဒါ့အပြင် ဟိုတယ်ကို ပစ္စည်းသွင်းတဲ့ လုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အဝတ်လျှော် အလုပ်သမားတွေ၊ မုန့်ဖုတ်အလုပ်သမားတွေ ၁၁ ဦးအနက် ၉ ဦးက အနိမ့်ဆုံးလစာ မရကြပါဘူး။ ဒါဟာ ကျမတို့ တွေ့ရှိချက်တွေအနက် အရေးအကြီးဆုံးသော ချိုးဖောက်မှုတွေပဲ ဖြစ်ပါတယ်” - လို့ Amanda Söderlund က ပြောသွားတာဖြစ်ပါတယ်။

Fair Action ရဲ့ အစီရင်ခံစာအရ ပြောင်းရွှေ့အလုပ်သမား ၃ ပုံ ၂ ပုံဟာ ထိုင်းနိုင်ငံရဲ့ အနိမ့်ဆုံးလစာဖြစ်တဲ့ ဘတ် ၃၀၀ ဒါမှမဟုတ် ၈ ဒေါ်လာနဲ့ ၃၅ စန့် လစာနှုန်း မရရှိကြဘူးလို့ ဆိုပါတယ်။ တွေ့ဆုံမေးမြန်းခဲ့တဲ့သူတွေအနက် အဝတ်လျှော်လုပ်ငန်းမှာ အမှုထမ်း ၃ ဦးကတော့ ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ ကာလမှာဆို တနေ့ကို ၁၉ နာရီအထိ အလုပ်လုပ်ကြရပြီး ၁ လမှာ ၂ ရက်ပဲ နားခွင့်ရတယ်လို့ ဆိုပါတယ်။ နောက်တဦးကတော့ တနေ့ကို ၁၆ နာရီ အလုပ်လုပ်ရပြီး နားရက်မရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရရင်လည်း အလုပ်သမားများအနေနဲ့ နားရက် ခံစားခွင့် မရဘူးလို့ ဆိုပါတယ်။ ထိုင်းအလုပ်သမားတွေကတော့ လစာနဲ့ ခံစားခွင့်တွေ ပိုကောင်းကြတဲ့အပြင် နေထိုင်ဖို့နေရာ၊ အားလပ်ရက်တွေ၊ မီးဖွားခွင့်နဲ့ ဆေးခွင့်တို့လည်း ရရှိကြတယ်လို့လည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

အခုလို တွေ့ရှိချက်တွေကို ၂၀၁၂ တုန်းကလည်း သူတို့ NGO တွေအနေနဲ့ ထုတ်ပြန်ခဲ့ပေမဲ့လို့လည်း ပြုပြင်ပြောင်းလဲမှုတွေ မရှိခဲ့တဲ့အတွက်ကြောင့် အခုတကြိမ် ဆွီဒင်က ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေအနေနဲ့ တာဝန်သိတတ်ဖို့ တိုက်တွန်းတဲ့အကြောင်းလည်း Fair Action အဖွဲ့က မစ် Söderlund က ပြောပါတယ်။

“ကျမတို့အနေနဲ့ ဆွီဒင်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို စီးပွားရေးလုပ်ကိုင်ရာမှာ လူ့အခွင့်အရေးကို လေးစားဖို့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို တာဝန်သိသိ လိုက်နာကြဖို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် ဒီကော်မတီတွေ ကိုယ်တိုင်လည်း စည်းမျဉ်းတွေရှိကြပြီး သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေတွေနဲ့လည်း လိုက်နာရမှာဖြစ်ပါတယ်။ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခြင်းမခံရအောင် ကာကွယ်စောင့်ရှောက်သင့်ပါတယ်” လို့ မစ် Söderlund က ပြောသွားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက ပြောင်းရွှေ့အလုပ်သမားတွေ သန်းနဲ့ချီရှိကြပြီး မကြာသေးမီကလည်း ထိုင်းငါးဖမ်းလုပ်ငန်းမှာ လူမဆန်တဲ့ ရက်စက်စွာ ချိုးဖောက်မှုတွေကြောင့်လည်း ပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရသလို၊ လူကုန်ကူးမှုကြောင့်လည်း အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၁၅ လူကုန်ကူးမှု ထုတ်ပြန်တဲ့အစီရင်ခံစာမှာ Tier-3 အဆင့်ဖြစ်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုမှာ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG