သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရှိ မြန်မာအလုပ်သမား အကူအညီပေးရေးအဖွဲ့ တာဝန်ယူမှု မရေရာ


ထိုင်းရှိ မြန်မာအလုပ်သမား အကူအညီပေးရေးအဖွဲ့ တာဝန်ယူမှု မရေရာ
ထိုင်းရှိ မြန်မာအလုပ်သမား အကူအညီပေးရေးအဖွဲ့ တာဝန်ယူမှု မရေရာ

မြန်မာအစိုးရက ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို အကူအညီပေးဖို့ မြန်မာ အလုပ်သမား အကူအညီပေးရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒါပေမဲ့ အခုလိုဖွဲ့စည်းတာဟာ အမည်ခံဘဲ ရှိနေပြီး တိတိကျကျ တာဝန်ယူ လုပ်ဆောင်တာမျိုး မရှိဘူးဆိုပြီး ပြည်ပရောက် မြန်မာ့အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ဝေဖန်လိုက်ပါတယ်။ အကြောင်းစုံကို မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

မြန်မာအလုပ်သမား သန်းနဲ့ချီ အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံမှာ မြန်မာအစိုးရက အလုပ်သမား အကူအညီပေးရေး အဖွဲ့ကို မကြာခင်က ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ အလုပ်သမား အကူအညီပေးရေး အဖွဲ့တွေလည်း အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါသေးတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ အလုပ်သမား အကူအညီပေးရေး လုပ်ဆောင်နေသူ ဦးကျော်သောင်းက အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်ရက်ကနေပြီးတော့ ကျနော်တို့ နှစ်ကြိမ်တိုင်တိုင် အစည်းအဝေးတွေ လုပ်တယ်။ လုပ်တော့ အဲဒီမှာ အဖွဲ့ ဖွဲ့ကြတယ်တဲ့။ နှုတ်အားဖြင့် ဖွဲ့တယ်။ ဆိုလိုတာကဗျာ။ ဒီနေ့ ထိုင်းနိုင်ငံကိုရောက်နေတဲ့ အလုပ်သမားတွေ ကူညီစောင့်ရှောက်မှု မြန်မာအစိုးရက ဖွဲ့တယ်၊ ဟုတ်ပြီ ဘယ်သူကဖြင့် ဘာတာဝန်ယူမယ်၊ ဘယ်သူကဖြင့် ဘယ်အလုပ်ကိုလုပ်မယ်။ ဘယ်သူက စာရွက်စာတမ်း မရတဲ့အလုပ်ကိုလုပ်မယ်။ ဘယ်သူကဖြင့် ခြေလက်အင်္ဂါ ချို့တဲ့တဲ့ ကိစ္စတွေကို လုပ်မယ်၊ အစရှိတဲ့ ခေါင်းစဉ်တွေက အများကြီးရယ်။ ဒါပေမဲ့ တာဝန်နဲ့ ဝတ္တရားဆိုတာ သူတို့မှာ ပါမလာဘူး။ ဘယ်သူက ဘာလုပ်မယ်၊ ဘယ်အဖွဲ့က ဘာလုပ်မယ်။ ဥပမာ call center ဗျာ။ လိုအပ်တဲ့ အလုပ်သမားတွေအတွက် ဖြေရှင်းပေးမယ့် နေ့စဉ် မေးမြန်းလာတဲ့ အခက်အခဲတွေ ဖြေရှင်းဖို့အတွက်က၊ ဘာဖြစ်လို့ရှိရင် ဘယ်လိုလုပ်မယ် ဆိုတဲ့ သေချာ ရေရာတဲ့ အစီအစဉ်မရှိတဲ့အတွက် သူတို့ပြောတဲ့ ဖွဲ့တယ်ဆိုတဲ့ဟာက အမည်ခံသာရှိပြီးတော့ ဘာမှ ဒီနေ့အထိ အကောင်အထည် မပေါ်ဘူး။”

မြန်မာအစိုးရဘက်ကတော့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေ အခွင့်အရေး ကာကွယ်ပေးဖို့ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့နဲ့ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ မြန်မာ ကလေးငယ်တွေကို နိုင်ငံသားအဖြစ် အကာအကွယ်ပေးဖို့ စတာတွေကို လုပ်ဆောင်မယ် ဆိုပြီး မြန်မာ အလုပ်သမား ဝန်ကြီးဌာနက ပြောပါတယ်။ အခုလို မြန်မာအစိုးရဘက်က နှစ်ပေါင်းများစွာ အသိအမှတ်ပြုမခံရတဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို အကာအကွယ် ပေးရေး လုပ်ဆောင်မယ် ဆိုတာကို အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ အပြောထက် အလုပ်နဲ့ သက်သေပြဖို့ လိုတယ်ဆိုပြီးလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှုကော်မတီက ဦးမြင့်ဝေက ထောက်ပြပါတယ်။

“အခုက ရေကြီးပြီးတော့ ဒုက္ခဖြစ်တဲ့အချိန်ကျတော့ မြန်မာအလုပ်သမားတွေက သိန်းဂဏန်းလောက် ရေဘေးဒဏ် ခံရတာကိုး။ မြန်မာအစိုးရက မြန်မာပြည်ကို မှတ်ပုံတင်မရှိတဲ့သူတွေကို ပြန်သွားဖို့ စီစဉ်ပေးလိုက်တာ ၈၀ တစ်သုတ်၊ ၄၀ တစ်သုတ်လား မသိဘူး။ အဲဒီလောက်ပဲ တွေ့ရတယ်။ ဆိုတော့ အဲဒီလောက်ပဲ ကျနော်တို့ သိနေတယ်။ ဆိုတော့ မှတ်ပုံတင်မရှိတဲ့ အလုပ်သမား လူဦးရေကလည်း ၁၂၀ တော့ မကဘူး။ ဆိုတော့ ဒီလိုမျိုး အကျပ်အတည်းကြီး ဖြစ်တဲ့အချိန်မှာတောင်မှ ဟိုဘက်ကမ်းကို ချောချောချူချူနဲ့ ရောက်သွားပြီးတော့ နောက်ဆုံး နေပြည်တော် ခေါ်သွားလို့ ဒဏ်ငွေဆောင်ပြီးတော့ ပြန်လာရတဲ့လူတွေ ဘာတွေ ရှိတယ်လို့ စွပ်စွဲတာတွေ အသံထွက်လာသေးတယ် ဆိုတော့ သူတို့ရဲ့ ကူညီ ဆောင်ရွက်မှုကိုကတော့ မြန်မာပြည်နိုင်ငံရေး ပြောင်းလဲသလိုပဲ ကျနော်တို့ ပြောရရင်တော့ ဟန်ပြလောက်ပဲ ရှိနေသေးတယ်လို့တော့ ကျနော်တော့ ပြောချင်တာပေါ့။ သူတို့ ဒီထက် အများကြီးလုပ်ဖို့ လိုသေးတယ်။”

ထိုင်းနိုင်ငံ မြန်မာသံရုံးက ဖွဲ့စည်းလိုက်တဲ့ မြန်မာ အလုပ်သမား ကူညီစောင့်ရှောက်ရေး အသင်းက ထိုင်းနိုင်ငံတွင်း အလုပ်သမား ကူညီစောင့်ရှောက်ရေး လုပ်ဆောင်နေသူတွေကို အလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိရင် အကြောင်းကြားပေးပါ၊ ပြီးရင် သူတို့က ထိုင်းအာဏာပိုင်တွေဆီကို တဆင့် အကြောင်းကြားပေးမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့လည်း ဦးကျော်သောင်းက အခုလို ပြောပါတယ်။

“သူတို့ပြောတဲ့ပုံစံကိုယ်တိုင်ကိုက ဘာပြောလဲဆိုတော့ မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ကို ဒီတပတ်မှာ ဥပမာ ကိုကျော်သောင်းလာမယ်၊ ဘယ်သူလာမယ် ဘယ်ဝါလာမယ် ဆိုပြီး ပြောသွားတယ်။ ဟုတ်ပြီ။ နောက်လ အစည်းအဝေးခေါ်တဲ့အခါ ကျနော်တို့မသွားရင် ကျနော်တို့က အဲဒီမှာ အဖွဲ့ဝင် မဟုတ်တော့ပြန်ဘူးတဲ့။ နောက်လာတဲ့လူကို ဖွဲ့တော့မယ်တဲ့။ ကဲ… ဘယ်လောက်ထိ မသေချာမရေရာတဲ့ ဟာလဲဗျာ ကျနော် ပြောချင်တာကတော့။ ဘာပဲပြောပြော သူတို့က မြန်မာအလုပ်သမား ကိစ္စတွေဆီကရတဲ့ သတင်းအချက်အလက်တွေကို ပို့ပါတဲ့။ သူတို့က ဝန်ကြီးတန်ရင် ဝန်ကြီး၊ ရဲချုပ်တန်ရင် ရဲချုပ်၊ အဆင့်ဆင့် ဖုန်းနဲ့ပြောမယ်။ စာနဲ့လိုအပ်ရင် စာနဲ့တင်သွင်းမယ်။ ဒါပဲဗျာ။”

မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကတော့ မြန်မာအစိုးရ အနေနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေ မကြာခဏ ဆိုသလို ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို ဥပဒေကြောင်းအရ အကူအညီပေးရေး ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်တဲ့အထိ လုပ်ဆောင်ပေးစေချင်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်သမားတွေ အတွက် ယာယီ နိုင်ငံကူး လက်မှတ်တွေကိုလည်း ဈေးနှုန်း သက်သက်သာသာနဲ့ ထုတ်ပေး စေချင်နေကြတာပါ။ မြန်မာအစိုးရဘက်က ရွှေ့ပြောင်းအလုပ်သမားတွေကို မြန်မာနိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးဖို့ လုပ်ဆောင်မယ် ဆိုပေမဲ့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံကူးလက်မှတ် လုပ်ပေးရေး အကျိုးဆောင် ကုမ္ပဏီတွေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ ပူးပေါင်းပြီး လာဘ်ပေးလာဘ်ယူ မှုတွေ ပေါ်ထွက်မလာရေးလည်း သတိထား စောင့်ကြည့်ပေးဖို့ လိုတယ်ဆိုပြီးလည်း ဝေဖန်ပြောဆိုကြပါတယ်။

XS
SM
MD
LG