သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပရ၀ိဟာရဘုရားမြေ ပိုင်ဆိုင်မှု ပြန်သုံးသပ်ဖို့ ကမ္ဘောဒီးယားတောင်းဆို


ပရ၀ိဟာရဘုရားမြေ ပိုင်ဆိုင်မှု ပြန်သုံးသပ်ဖို့ ကမ္ဘောဒီးယားတောင်းဆို

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြားမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီး နာရီအနည်းငယ် အကြာမှာပဲ တိုက်ခိုက်မှုတွေ ပြန်စခဲ့ပြန်ပါပြီ။ အခု ကမ္ဘောဒီးယား နိုင်ငံက နိုင်ငံတကာ တရားရုံးကို အဆိုပြုလွှာတစောင် တင်သွင်းပြီး နယ်စပ်ဒေသမှာ ရှိနေတဲ့ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်း ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ နိုင်ငံတကာ တရားရုံးရဲ့ ၁၉၆၂ ခုနှစ် ဆုံးဖြတ်ချက်ကို ပြန်ပြီး သုံးသပ်ပေးဖို့ တောင်းဆိုလိုက်တဲ့ အကြောင်း ဘန်ကောက်မှာရှိနေတဲ့ ဗွီအိုအေ သတင်းထောက် Ron Corben က သတင်းပေးပို့ထားပါတယ်။

၁၁ ရာစုခေတ်က ရှေးဟောင်း ဘုရားကျောင်းကို ကမ္ဘောဒီးယား ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုထားတာ နှစ်ပေါင်း ၅၀ ရှိခဲ့ပါပြီ။ အခု ဒီဆုံးဖြတ်ချက်ကို ပြန်ပြီး ရှင်းလင်းဖွင့်ဆိုပေးဖို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးရာ ပြောခွင့်ရ မစ္စတာ Koy Kuong က သောကြာနေ့က ခမာဘာသာနဲ့ အခုလို ပြောသွားခဲ့ပါတယ်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းက အသိအမှတ်ပြုထားတဲ့ မြေပုံကိုအခြေခံပြီး ပရ၀ိဟာရ ဘုရားကျောင်းကို ကမ္ဘောဒီးယား ပိုင်ဆိုင်ကြောင်း ကုလသမဂ္ဂက ၁၉၆၂ ခုနှစ် စီရင်ချက် ချခဲ့ပါတယ်။ ဒါကို နိုင်ငံတကာ တရားရုံးက ပြန်ပြီး အဓိပ္ပာယ်ဖွင့်ဆို ပေးဖို့ ကမ္ဘောဒီးယား အစိုးရအနေနဲ့ ဆန္ဒရှိတယ်။” - လို့ သူက ပြောသွားတာပါ။

ဒီ ပရ၀ိဟာရ ဘုရားကျောင်း ပတ်ဝန်းကျင်တ၀ိုက် နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အဲဒီ ၁၉၆၂ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် ချပြီးတဲ့နောက်မှာလည်း နှစ်နိုင်ငံကြား နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဆက်ပြီး ငြင်းခုန်လာခဲ့ကြတာပါ။ ဘုရားကျောင်းအနေအထားက ထိုင်းဘက်နဲ့ ပိုပြီးနီးကပ်နေတဲ့အတွက် ပိုနီးတဲ့သူကသာ ပိုင်ရှင်ဖြစ်တယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့ကမှ တပတ်ကြာ အပစ်ရပ်စဲရေး ရည်ရွယ်တဲ့ သဘောတူညီချက် ရနိုင်ခဲ့တာပါ။ အဲဒီသဘောတူညီချက် ရပြီးတဲ့နောက် နာရီပိုင်းအကြာမှာပဲ ပြန်စနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တဘက်နဲ့တဘက် အပြန်အလှန် အပြစ်ပုံချနေကြပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ဖြစ်လာခဲ့တဲ့ တိုက်ပွဲတွေအတွင်း အနည်းဆုံး ၁၆ ယောက် သေဆုံးခဲ့ပြီး ထောင်သောင်းချီတဲ့ အရပ်သားတွေလည်း နေရပ်ကို စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

အခု နောက်ဆုံးဖြစ်နေတဲ့ တိုက်ပွဲဟာ ကမ္ဘောဒီးယားဘက်က နိုင်ငံတကာတရားရုံးကို အယူခံလွှာတင်ရေး ဆောင်ရွက်ချက်နဲ့ ဆက်စပ်မှုရှိနေတယ်လို့ ထိုင်း အစိုးရက ယူဆပါတယ်။ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Thani Thongphakdi က အခုလို ပြောပါတယ်။

“ဖြစ်ရပ်တွေကို တခုချင်း သေသေချာချာ ဆက်စပ်ကြည့်လိုက်တဲ့အခါ ရုပ်လုံးပေါ်လာပါတယ်။ နိုင်ငံတကာ တရားရုံးမှာ အဆိုတင်သွင်းဖို့ ပိုင်ဆိုင်မှု အတည်ပြုချက် ရယူဖို့အတွက် ကမ္ဘောဒီးယားဘက်က ဒီ နယ်စပ်ပဋိပက္ခတွေကို အစပျိုး အကွက်ချ ပုံဖော်လာနေခဲ့တာ ဆိုတာပါပဲ။”

နှစ်နိုင်ငံကြားမှာရှိနေတဲ့ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်း ပရ၀ိဟာရကို ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တဲ့ ၂၀၀၈ ခုနှစ်ကစပြီး ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြားမှာ တိုက်ပွဲတွေ ကြိုးကြား ကြိုးကြား ဖြစ်နေခဲ့တာပါ။ အဲဒီအချိန်ကတည်းက နယ်စပ်ဒေသမှာ နှစ်နိုင်ငံ စစ်တပ်တွေကလည်း လုံခြုံရေးကို ပိုပြီး တင်းကျပ်လာခဲ့ပါတယ်။ နောက်ဆုံးတိုက်ခိုက်မှုကို ဘယ်ဘက်ကစသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဒါပေမဲ့ ဒေသတွင်း လေ့လာ သူတွေကတော့ နှစ်ဘက်လုံးက ပြည်တွင်း နိုင်ငံရေးသမားတွေဟာ အငြင်းပွားမှုကို ဖြေရှင်းရာမှာ ခက်ခဲရှုပ်ထွေးအောင် လုပ်နေကြတယ်လို့ သုံးသပ်ကြပါတယ်။ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန် (Hun Sen) က သူ့နိုင်ငံထက် ပိုပြီး နယ်မြေကျယ်ဝန်းတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ ခပ်ကြမ်းကြမ်း ဆက်ဆံတဲ့အတွက် သူ့အတွက် အကျိုးအမြတ်တွေ ရနေနိုင်ကြောင်းနဲ့ ဒီနှစ်ထဲ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူ့ရဲ့ မိတ်ဆွေ ၀န်ကြီးချုပ်ဟောင်း တက်ဆင် ရှီန၀ပ် ပြန်ပြီး ၀င်အရွေးခံရပြီး အာဏာပြန်ရလာဖို့ ကိုလည်း မျှော်လင့်နေတယ်လို့ ကမ္ဘောဒီးယား လေ့လာသူတွေက ပြောကြပါတယ်။

တဘက်မှာလည်း အင်အားတောင့်တင်းတဲ့ ထိုင်းစစ်ရဲ့ တပ်မှူးတွေက ဒီ နယ်စပ် ပဋိပက္ခတွေကို အခြေခံပြီး ရွေးကောက်ပွဲကို ပယ်ဖျက်ကောင်း ပယ်ဖျက်ပစ်နိုင်ကြောင်း၊ နောက်ပြီး အစိုးရသစ်က အကြီးတန်း ရာထူးတွေကို အပြောင်းအလဲတွေလည်း လုပ်ကောင်းလုပ်နိုင်တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

အရှေ့တောင်အာရှအသင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာဖြစ်နေတဲ့ ဒီ နယ်စပ်ပြဿနာဟာ နောက်လထဲ ကျင်းပမယ့် အာဆီယခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဆွေးနွေးဖို့ ရှိနေပါတယ်။ တကယ်လို့ အခြေအနေ ပေးခဲ့မယ်ဆိုရင် ဒီအစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိချာချီဝနဲ့ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်တို့က ဦးဆောင် ဆွေးနွေးသွားဖွယ် ရှိတယ်လို့ ထိုင်းနိုင်ငံဘက်က ပြောပါတယ်။

XS
SM
MD
LG