သုံးရလွယ်ကူစေသည့် Link များ

ထိုင်းနဲ့ ကမ္ဘောဒီးယား ပဋိပက္ခ လုံခြုံရေးကောင်စီမှာ စဉ်းစားမည်

  • ဗွီအိုအေ (မြန်မာဌာန)

ထိုင်းနဲ့ ကမ္ဘောဒီးယား ပဋိပက္ခ လုံခြုံရေးကောင်စီမှာ စဉ်းစားမည်

ကမ္ဘောဒီးယားနဲ့ ထိုင်း ၂ နိုင်ငံအကြား အငြင်းပွားနေတဲ့ နယ်ခြားဒေသမှာ မနေ့တုန်းက လက်နက်ကြီးတွေနဲ့ တဘက်နဲ့တဘက် အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။

တိုက်ခိုက်မှုတွေက မနေ့တုန်းကနဲ့ဆိုရင် ဆက်တိုက်ဖြစ်လာတာ ၄ ရက်ရှိခဲ့ပြီး သေဆုံးသူ အနည်းဆုံး ၅ ဦး၊ ဒဏ်ရာရသူတွေကတော့ ဒါဇင်နဲ့ချီပြီး ရှိနေပါပြီ။

အခုလို အခြေအနေ ဆိုးလာနေတာတွေကို ကုလသမဂ္ဂက ကြားဝင်ပေးဖို့ ကမ္ဘောဒီးယားဘက်က တိုက်တွန်းနေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) ကတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားက တိုက်ခိုက်နေကြတဲ့ အခြေအနေတွေကို အကြီးအကျယ် စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

အခြေအနေတွေ အေးချမ်းလာအောင် ၂ ဘက်စလုံးက အပစ်အခတ်ရပ်ရေး ထိထိရောက်ရောက် စီစဉ်ကြဖို့၊ အိမ်နီးချင်းနိုင်ငံတွေ အချင်းချင်း ကောင်းမွန်တဲ့ ဆက်ဆံရေး ပြန်ရအောင် တွေ့ဆုံဆွေးနွေးမှု လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန် (Hun Sen) ကတော့ အခြေအနေက တဖြည်းဖြည်း စိုးရိမ်လာရပြီ၊ တဘက်ပြောတာကို တဘက်က နားမထောင်ကြတော့ဘူးလို့ ဆိုပါတယ်။

ထိုင်းအစိုးရဘက်ကတော့ ကုလသမဂ္ဂနဲ့ အပြည့်အ၀ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်၊ အခုဖြစ်နေတဲ့ ပဋိပက္ခကို ထိုင်းဘက်က ရန်စခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ လိုအပ်တဲ့ ခြေလှမ်းအားလုံး ယူဖို့နဲ့ အခြေအနေတွေ ထပ်မဆိုးစေဖို့ တိုက်တွန်းတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီ.ဂျေ ခရိုလီ (P.J Crowley) က ပြောပါတယ်။

ကမ္ဘောဒီးယားဘက်က စွပ်စွဲတဲ့ ထိုင်းရဲ့ကျူးကျော်မှု ဆိုတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ကမ္ဘောဒီးယားရဲ့ တိုက်တွန်းချက်ကို လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ ဘရာဇီးနိုင်ငံက တင်သွင်းသွားမယ်လို့ ဆိုပါတယ်။

၂ ဘက်ဖြစ်နေတဲ့ ပဋိပက္ခကို သံတမန်နည်းအရ အဖြေရှာပေးနိုင်ရေး အာဆီယံ အသင်းရဲ့ လက်ရှိဥက္ကဋ္ဌတာဝန် ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်ကို မနေ့က ရောက်လာခဲ့ပါတယ်။

XS
SM
MD
LG