ဖရ၀ိဟာရ ရှေးဟောင်း ပုထိုးတော်ကြီးနဲ့ ပတ်သက်ပြီး ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံ စစ်တပ်တို့ကြား ဒီနေ့ နောက်ထပ် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပြီး တဘက်နဲ့တဘက် အပြန်အလှန် အပြစ်ဖို့နေကြပါတယ်။ ဒီလဆန်းပိုင်းတုန်းက ထိုင်းနဲ့ ကမ္ဘောဒီးယား တပ်တွေဟာ အငြင်းပွားစရာ ဖြစ်နေတဲ့ နယ်မြေမှာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။ ဒါကြောင့် အပစ်အခတ် ရပ်စဲကြဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂ နိုင်ငံစလုံးကို တောင်းဆိုခဲ့ပါတယ်။ အဲဒီလို တောင်းဆိုခဲ့ပြီး မကြာခင်မှာပဲ တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ကြတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ဘန်ကောက်မြို့တော်ကနေ သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
နယ်ခြားကင်းစခန်းတခုကို ကမ္ဘောဒီးယား စစ်သားတွေက အင်္ဂါနေ့မနက် အစောပိုင်းမှာ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၅ ယောက် ဒဏ်ရာရခဲ့ပြီး တယောက်ကတော့ အပြင်းအထန် ထိခိုက်ခဲ့တာလို့ ထိုင်းစစ်တပ်က ပြောပါတယ်။ နယ်ခြား ကင်းစခန်းကို အနည်းဆုံး လက်ပစ်ဗုံး တလုံးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ထိုင်းစစ်သားတွေက ရိုင်ဖယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာလို့ ထိုင်းစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ၀ီရာချွန် ဆူခွန်ရာပဒီးပက်ခ်က ပြောပါတယ်။ ဒီနယ်မြေထဲကို ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ဖို့ ကမ္ဘောဒီးယားနိုင်ငံက တောင်းခံခဲ့တာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပယ်ချခဲ့တဲ့နောက် တိုက်ခိုက်မှုတွေ လုပ်လာမယ်လို့ မျှော်လင့်ထားပြီးသား ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
“ရလဒ်နဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား ခေါင်းဆောင်တွေက ၀မ်းမသာကြပါဘူး။ သူတို့အနေနဲ့ ထိုင်းစစ်သားတွေအပေါ် လက်တုံ့ပြန်ဖို့ ရန်စတဲ့ လုပ်ရပ်တွေကို လုပ်လိမ့်မယ်လို့လည်း ကျနော်တို့က ယုံကြည်ထားပါတယ်။”
ဒါပေမဲ့လည်း ကမ္ဘောဒီးယားနိုင်ငံရဲ့ ၀န်ကြီးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖေဆီဖန်ကတော့ သူတို့စစ်တပ်က စတင်ပစ်ခတ်တာ မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့တာပါ။ အင်္ဂါနေ့ နှောင်းပိုင်း တိုက်ခိုက်မှုမှာ ထိုင်းစစ်တပ်ကသာ အရင်ပစ်တာလို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ည ၁၀ နာရီခွဲကနေ မနက် ၅ နာရီ ၂၀ လောက်အထိ လက်ပစ်ဗုံး ၁၁ လုံးလောက် ထိုင်းစစ်တပ်ဘက်က ပစ်ခဲ့တာ ဖြစ်ပါတယ်။”
ကမ္ဘောဒီးယား စစ်သားတွေတော့ အထိအခိုက် မရှိသလို လက်တုံ့ပြန်တာမျိုး မရှိခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။ သက်တမ်း အနှစ် ၉၀၀ လောက်ရှိတဲ့ ဟိန္ဒူ ခမာ ဘုရားကျောင်းအနီးက ၂ နိုင်ငံကြား အချေအတင် ဖြစ်နေတဲ့ ဒေသထဲမှာ လွန်ခဲ့တဲ့ ၂ ပတ်က စလို့ ပဋိပက္ခတွေ ဖြစ်ပွားနေတာပါ။
ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်တွေ လက်နက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ရာက လူအများအပြား သေဆုံးထိခိုက်ခဲ့ရသလို ဒေသခံ ထောင်ပေါင်းများစွာဟာလည်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။ တိုက်ခိုက်မှုတွေအတွက် ၂ ဘက်စလုံးက အပြန်အလှန် အပြစ်ဖို့ စွပ်စွဲနေကြပြီး ကမ္ဘောဒီးယားနိုင်ငံက နောက်ထပ် တိုက်ခိုက်မှုတွေ မဖြစ်အောင် နိုင်ငံတကာ အကူအညီကို ရယူလိုပေမဲ့ ထိုင်းနိုင်ငံကတော့ ပြဿနာကို ၂ နိုင်ငံကြားမှာသာ ဖြေရှင်းလိုတာ ဖြစ်ပါတယ်။
တနင်္လာနေ့မှာတုန်းကတော့ ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တွေ့ဆုံခဲ့ကြတာပါ။ လုံခြုံရေးကောင်စီကတော့ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ် ရယူသွားဖို့နဲ့ ၂ နိုင်ငံစလုံး အသင်းဝင်အဖြစ် ပါဝင်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ လက်တွဲဆောင်ရွက်ဖို့ အတွက်လည်း တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံထဲမှာ တည်ရှိနေပြီး အဓိက အ၀င်ပေါက်ကတော့ ထိုင်းနိုင်ငံထဲမှာ ရှိနေခဲ့တဲ့ ဖရ၀ိဟာရ ဘုရားကျောင်းကို ကုလသမဂ္ဂရဲ့ UNESCO အဖွဲ့ကြီးက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားလိုက်တဲ့ ၂၀၀၈ ခုနှစ်ကစလို့ တင်းမာမှုတွေ ကြီးထွားလာတာပါ။ ထိုင်းအမျိုးသားရေး ၀ါဒီတွေကတော့ ဘုရားကျောင်းဟာ ထိုင်းနိုင်ငံက ပိုင်ဆိုင်တယ်ဆိုပြီး ပြောဆိုနေသလို အနီးအနား နယ်မြေမှာ ၂ နိုင်ငံစလုံးက စစ်တပ်တွေလည်း တိုးမြှင့် ချထားရာက မကြာခဏ တိုက်ခိုက်မှုတွေနဲ့ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။