သုံးရလွယ်ကူစေသည့် Link များ

ထိုင်းနဲ့ ကမ္ဘောဒီးယား ၃ ရက်ဆက် တိုက်ပွဲဖြစ်

  • ဗွီအိုအေ (မြန်မာဌာန)

ထိုင်းနဲ့ ကမ္ဘောဒီးယား ၃ ရက်ဆက် တိုက်ပွဲဖြစ်

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာမှာ တနင်္ဂနွေနေ့က ၃ ရက်မြောက်နေ့ အဖြစ်နဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း နှစ်ဘက်စလုံးက စစ်သား အနည်းဆုံး ၁၀ ယောက်လောက် သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ အရပ်သားတွေလည်း အဲဒီ တိုက်ပွဲဖြစ်တဲ့ နေရာတွေကနေ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုတွေ ဘာကြောင့် စဖြစ်တယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ နှစ်ဘက်စလုံးက တဘက်ကိုတဘက် အပြန်အလှန် အပြစ်ပုံချနေကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ လောက်က တည်ဆောက်ခဲ့တဲ့ ဖရ၀ိဟာရ (Preah Vihear) စေတီနဲ့ ၉၃မိုင် လောက်ဝေးတဲ့ နေရာမှာ တိုက်ပွဲ ဖြစ်ပွားနေတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အဲဒီနေရာမှာ ဖြစ်ပွားခဲ့တဲ့ ၄ ရက်ကြာ တိုက်ပွဲတွေအပြီး လူတွေ အသေအပျောက် ရှိခဲ့ပြီးတဲ့နောက် အခုလို တိုက်ပွဲတွေ ထပ်ဖြစ်လာ တာလည်း ဖြစ်ပါတယ်။

နယ်စပ်တိုက်ပွဲတွေ အခုလို ဖြစ်ပေါ်လာအောင် စတင် လုပ်ဆောင်တဲ့အပေါ် နှစ်ဘက်စလုံးက အပြန်အလှန် စွပ်စွဲ ပြောဆိုနေမှုတွေ ထွက်ပေါ်နေပါတယ်။

အိမ်နီးချင်း ၂ နိုင်ငံအကြား အခုလိုဖြစ်နေတဲ့ တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က တိုက်တွန်းလိုက်ပြီး ဒီပြဿနာ ပြေလည်ရေးအတွက် နှစ်ဘက် အလေးအနက် ဆွေးနွေးကြဖို့ စနေနေ့က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပဋိပက္ခ နောက်ပိုင်း ဒီပြဿနာ ပြေလည်ရေး ကြားဝင်ဆောင်ရွက်ပေးဖို့ အာဆီယံအဖွဲ့ကို မစ္စတာ ဘန်ကီမွန်းက တောင်းဆိုခဲ့ပါသေးတယ်။

XS
SM
MD
LG