သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း၊ ကမ္ဘောဒီးယား ပဋိပက္ခ ဖြေရှင်းရေး ၀န်ကြီးကလင်တန် တိုက်တွန်း


ထိုင်း၊ ကမ္ဘောဒီးယား ပဋိပက္ခ ဖြေရှင်းရေး ၀န်ကြီးကလင်တန် တိုက်တွန်း

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား နယ်စပ်မှာ သောကြာနေ့ကစပြီး နှစ်ဘက် တပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့ရတဲ့ တိုက်ပွဲတွေနဲ့ နှစ်နိုင်ငံကြား တင်းမာမှုတွေ လျှော့ချ ရပ်ဆိုင်းနိုင်ဖို့အတွက် လိုအပ်တဲ့ အဆင့်တွေကို ဆောင်ရွက်သွားကြဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က တိုက်တွန်းလိုက်ပါတယ်။

သေဆုံးရသူတွေအတွက် ၀မ်းနည်းရပါကြောင်းနဲ့ ဒီ နယ်စပ်ပြဿနာအတွက် အမေရိကန် ပြည်ထောင်စုက အလေးအနက် စိုးရိမ်ရပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။ နှစ်နိုင်ငံစလုံးက ပြဿနာ ဖြစ်စေမယ့် ကိစ္စတွေကို ရှောင်ရှားကြဖို့လည်း သူမက တောင်းဆိုလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုက ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် နှစ်နိုင်ငံစလုံးရဲ့ တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းမှာဖြစ်ပြီး အလားတူ ညှိနှိုင်းမှုမျိုးလုပ်မယ့် အင်ဒိုနီးရှား နိုင်ငံကိုလည်း ကူညီထောက်ခံမယ်လို့ ဆိုပါတယ်။

တနင်္လာနေ့က အဲဒီ နယ်စပ်ဒေသကို သွားမယ့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။

ပြဿနာ ဖြစ်နေတဲ့ နယ်စပ်မှာ အင်ဒိုနီးရှားနိုင်ငံက စောင့်ကြည့် လေ့လာသူတွေ ထားမယ့်ကိစ္စကို ထိုင်းနိုင်ငံဘက်က လက်မခံခဲ့တဲ့အတွက် ခရီးစဉ်ကို ဖျက်ရတာ ဖြစ်နိုင်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

လက်ရှိ အာဆီယံ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့တုန်းက စောင့်ကြည့်ရေးအဖွဲ့ ထားမယ့်ကိစ္စကို အပြီးသတ် လုပ်ဆောင်နိုင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့လည်း သူက စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။

ခရီးစဉ် ဖျက်အပြီး နောက်ထပ် ဘယ်နေ့မှာ ထပ်သွားမလဲ ဆိုတာကိုတော့ မကြေညာသေးဘူးလို့ သိရပါတယ်။

XS
SM
MD
LG