သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ထိုင်း၊ ကမ္ဘောဒီးယားနယ်စပ် သွားမယ့် အစီအစဉ်ဖျက်


အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ထိုင်း၊ ကမ္ဘောဒီးယားနယ်စပ် သွားမယ့် အစီအစဉ်ဖျက်

ပဋိပက္ခဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ကို ဒီနေ့သွားရောက်မယ့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ နယ်နိမိတ် ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြတဲ့ ၂ နိုင်ငံကြား အဲဒီနယ်စပ်ဘက်မှာ သောကြာနေ့က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ ၂ ဘက် စုစုပေါင်း စစ်သား ၁၂ ယောက် သေဆုံးခဲ့ပါတယ်။

အဲဒီလို ထိုင်းနဲ့ ကမ္ဘောဒီးယားကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ နေရာကို အင်ဒိုနီးရှား လေ့လာသူတွေ စေလွှတ်ရေး သဘောတူညီမှု ရဖို့အတွက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) သွားရောက်ဖို့ စီစဉ်ထားတာပါ။ သူဟာ ထိုင်းတာဝန်ရှိသူတွေနဲ့ ဘန်ကောက်မြို့တော်မှာ တွေ့ဆုံဖို့လည်း အစီအစဉ် လုပ်ထားပါတယ်။

လေ့လာသူအဖွဲ့ စေလွှတ်ရေးကို ထိုင်းဘက်က ပယ်ချလိုက်တဲ့အတွက် ဝန်ကြီးရဲ့ ခရီးစဉ် ပြောင်းသွားပုံ ရတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

လက်ရှိ အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ မစ္စတာ နာတာလီဂါဝါ ဘယ်နေ့သွားဖို့ ရက်ပြောင်းလိုက်သလဲ ဆိုတာကိုလည်း မပြောသေးဘူးလို့ ပြောခွင့်ရသူက ဆိုပါတယ်။

ရှေးဟောင်း ပရဝိဟာရ ဟိန္ဒူဘုရားကျောင်းကြီး ရှိရာ နယ်မြေတဝိုက်ကို ထိုင်းရော ကမ္ဘောဒီးယားကပါ သူတို့ပိုင်ဆိုင်တယ်ဆိုပြီး အငြင်းပွားနေတာ ဖြစ်ပါတယ်။ ကြိုးကြား ကြိုးကြား ပစ်ခတ်မှုတွေ ရှိနေတဲ့ နယ်စပ်ဘက်မှာ ဒီနေ့ တနင်္လာနေ့မှာလည်း ပစ်ခတ်မှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ပါတယ်။ ထိခိုက်သေဆုံးမှု ရှိမရှိ ဆိုတာတော့ ခုချိန်ထိ မသိရသေးပါဘူး။

XS
SM
MD
LG