သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားနဲ့ အပစ်ရပ် ဆွေးနွေးပွဲ ထိုင်း ဖျက်သိမ်း


ကမ္ဘောဒီးယားနဲ့ အပစ်ရပ် ဆွေးနွေးပွဲ ထိုင်း ဖျက်သိမ်း
ကမ္ဘောဒီးယားနဲ့ အပစ်ရပ် ဆွေးနွေးပွဲ ထိုင်း ဖျက်သိမ်း

ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒါဟာ ဆယ်စုနှစ်နဲ့ချီပြီး အငြင်းပွားနေခဲ့ကြတဲ့ နယ်စပ်အရေးအခင်းမှာ တိုက်ခိုက်မှုတွေ အဆိုးဆုံးထိ ရောက်မလာခင် တိုက်ပွဲတွေ စောစောစီးစီး အဆုံးသတ်စေမယ့် မျှော်လင့်ချက်ကို ပျက်ပြယ်သွားစေခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ဘန်ကောက်ကနေ သတင်းပေးပို့ထားတာကို မခွာညိုက တင်ပြပေးထားပါတယ်။

သောကြာနေ့ကတည်းက စဖြစ်လာခဲ့တဲ့ တိုက်ပွဲတွေမှာ အရပ်သား တယောက်နဲ့ စစ်သား ၁၃ ယောက် သေဆုံးခဲ့ရပါတယ်။ အခုလို ဆွေးနွေးပွဲ အထမမြောက်တာနဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ နှစ်နိုင်ငံလုံးက တဘက်ကို တဘက် အပြစ်ပုံချနေကြပါတယ်။

ထိုင်း ကာကွယ်ရေးဝန်ကြီး ပရာဝစ် ဝေါင်ဆူဝန် (Prawit Wongsuwan) က ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီဘန်း (Tea Banh) နဲ့ မြို့တော် ဖနွမ်းပင်မှာ တွေ့ဆုံပြီး နှစ်ဘက်စစ်တပ်ကြားမှာ တပတ်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေး မနေ့ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးကြဖို့ စီစဉ်ထားခဲ့တာပါ။

ဒါပေမဲ့ မနက်အစောပိုင်းမှာ နှစ်ဘက်စလုံးက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေခဲ့ကြပြီး ထိုင်းအာဏာပိုင်တွေဘက်က တွေ့ဆုံဆွေးနွေးရေးကို ဖျက်သိမ်းခဲ့တာပါ။ ထိုင်းနိုင်ငံကို အနိုင်တိုက်လိုက်နိုင်ပြီလို့ ကမ္ဘောဒီးယားသတင်းမှာ ဖော်ပြလိုက်ပြီးတဲ့နောက် တွေ့ဆုံဆွေးနွေးဖို့ ဖျက်သိမ်းလိုက်တာဖြစ်ကြောင်း ထိုင်း စစ်ဘက်ဆိုင်ရာ ပြောခွင့်ရသူ တဦးကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ရေးသား ဖော်ပြခဲ့ကြပါတယ်။

တရုတ်နိုင်ငံမှာ ကာကွယ်ရေးဝန်ကြီး ပရာဝစ်က အချေအတင် အစည်းအဝေးတွေ ရှိခဲ့ကြောင်းနဲ့ ဆွေးနွေးပွဲ ကျင်းပနိုင်မယ့် အခြေအနေကောင်းတွေ ဖြစ်မလာတဲ့အပေါ် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) က ကမ္ဘောဒီးယားကို အပြစ်တင်ပါတယ်။

“ကမ္ဘောဒီးယားက ဆွေးနွေးချင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ တိုက်ခိုက်နေတာတွေကိုတော့ မရပ်ဘူး။ ဒီတော့ တွေ့ဆုံ ဆွေးနွေးဖို့ အခက်အခဲ ရှိပါတယ်။” လို့ သူက ပြောသွားပါတယ်။

ဆက်ပြီး ထိုင်း ကာကွယ်ရေးဝန်ကြီးဟာ တွေ့ဆုံဆွေးနွေးဖို့အတွက် တရုတ်ပြည်ကို သွားခဲ့ပြီး အခု အဲဒီကို ရောက်နေပါပြီ။ ထိုင်းနိုင်ငံဘက်ကလည်း တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်စေချင်ပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယား နိုင်ငံဘက်က စပြီး တိုက်ခိုက်မှုတွေ ရပ်ရပါမယ်လို့ သူက ပြောသွားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က မစ္စတာ အဘီဆစ်ဟာ နယ်စပ်ဒေသ၊ ဆူရင်ပြည်နယ်က ဒဏ်ရာရသူတွေကို ကြည့်ရှုဖို့ သွားရောက်ခဲ့စဉ် သတင်းထောက်တွေကို အခုလို မှတ်ချက်ပေး ပြောကြားခဲ့တာပါ။ နောက်ဆုံးတိုက်ပွဲအတွင်းမှာ ထိုင်းဘက်က အရပ်သားတယောက် ပထမဆုံး သေဆုံးခဲ့ရကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆဲန် (Hun Sen) က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ တိုက်တွန်းခဲ့ပါတယ်။ နှစ်ဘက်လုံးက ရာထောင်ချီတဲ့ အရပ်သားတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရတဲ့ စစ်ပွဲတွေ ဆက်ဖြစ်မယ်ဆိုရင် အဲဒီ စစ်ပွဲတွေအတွက် ထိုင်းတပ်ဖွဲ့တွေမှာ တာဝန်ရှိတယ်လို့ ကမ္ဘောဒီးယားဘက်က ပြောပါတယ်။

ထိုင်းစစ်သားတွေက ကမ္ဘောဒီးယားဘက်ကို ဆက်ပြီး တိုက်နေတဲ့အတွက် နယ်စပ်ဒေသ အခြေအနေက တင်းမာနေဆဲ ဖြစ်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ကွိုင် ကောင် (Koy Kuong) က ပြောပါတယ်။ အင်ဒိုနီးရှား လေ့လာ စောင့်ကြည့်ရေးအဖွဲ့ နယ်စပ်ဒေသကို ဝင်ရောက်လာဖို့ သဘောတူညီချက်အပေါ် ထိုင်းနိုင်ငံ အနေနဲ့ အလေးထားသင့်ကြောင်းကိုလည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

“နယ်စပ်ဒေသတလျှောက် အင်ဒိုနီးရှားဘက်က စောင့်ကြည့်ရေး အဖွဲ့ကို ခွင့်ပြုဖို့ ငြင်းပယ်ခဲ့တာက ထိုင်းနိုင်ငံပါ။ သူတို့က အမြဲတမ်း ပယ်ချနေခဲ့တာပါပဲ။ နောက်ပြီး သူတို့က စတိုက်တယ်။ ပြီးရင် ကျနော်တို့ဘက်က စတိုက်တယ်လို့ ပြန်ပြီး စွပ်စွဲတယ်။”

နယ်စပ်ဒေသမှာ အခြေအနေ ပြန်ပြီး အေးဆေး တည်ငြိမ်သွားအောင် ကူညီဖို့ စောင့်ကြည့် လေ့လာသူတွေ စေလွှတ်ရေး သဘောတူညီချက်ကို အင်ဒိုနီးရှားနိုင်ငံက ဆောင်ရွက်ခဲ့တာပါ။ ဒါပေမဲ့ ထိုင်းစစ်တပ်က ငြင်းပယ်လိုက်တဲ့အတွက် စေ့စပ်ညှိနှိုင်းရေး ရပ်တန့်သွားခဲ့ရပါတယ်။

ပဋိပက္ခတွေ အဆုံးသတ်ရေး ထိုင်းနိုင်ငံဘက်က နှစ်ဘက်ဆိုင်ပြီး ဖြေရှင်းမှ ရမယ်လို့ ပြောနေချိန်မှာပဲ ကမ္ဘောဒီးယား နိုင်ငံဘက်ကတော့ နိုင်ငံတကာရဲ့ ကြားဝင် ညှိနှိုင်းပေးမှုကို လိုလားနေတာပါ။ သူပိုင်၊ ငါပိုင် အငြင်းပွားနေတဲ့ ဘုရားကျောင်းနားက နယ်စပ်တလျှောက်မှာ နှစ်နိုင်ငံ တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ သောကြာနေ့က စပြီး အပြန်အလှန် ပစ်ခတ်နေခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲကလည်း သုံးလေးရက်ကြာအောင် နှစ်ဘက် စစ်တပ်တွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြလို့ နှစ်ဘက်လုံးမှာ လူပေါင်းများစွာ သေခဲ့ကြရပြီးပါပြီ။ ဘယ်ဘက်က စပစ်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ နှစ်ဘက်လုံးကတော့ တဘက်ကိုတဘက် အပြစ်ပုံချနေကြပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား နယ်စပ်ဒေသရဲ့ နယ်နိမိတ်ကို အတိအကျ သတ်မှတ်ပြဋ္ဌာန်း ထားနိုင်တာမျိုး မရှိသေးပါဘူး။ နှစ်ဘက်လုံးက ဘုရားကျောင်းတဝိုက် နယ်မြေကို တရားဝင် ပိုင်ဆိုင်တာ သူတို့ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေကြပါတယ်။

ပြည်သူတွေကို အမျိုးသားရေးစိတ်ဓာတ် မြှင့်တင်ရေးမှာ နှစ်နိုင်ငံလုံးက နိုင်ငံရေးသမားတွေဟာ ဒီနယ်စပ်ဒေသ အငြင်းပွားမှုကို အသုံးချနေကြတာဖြစ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။

XS
SM
MD
LG