သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာတက်ခ်ဆင် ကမ္ဘောဒီးယား စီးပွားရေး အကြံပေး အဖြစ်က နှုတ်ထွက်


ထိုင်းနိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်နေတဲ့ ၀န်ကြီးချုပ်ဟောင်း တက်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ စီးပွားရေး အကြံပေး ရာထူးကနေ နှုတ်ထွက်သွားပြီ ဖြစ်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံက ပြောကြားလိုက်ပါတယ်။

အခုလို နှုတ်ထွက်သွားတာကြောင့် ၂ နိုင်ငံကြား ဆက်ဆံရေး တင်းမာနေတာတွေကိုလည်း လျှော့ချနိုင်ဖို့အတွက် လမ်းကြောင်း ပွင့်သွားစေခဲ့ပါတယ်။

မစ္စတာ တက်ခ်ဆင်ဟာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို ပြည့်မီအောင် ထမ်းဆောင်ဖို့အတွက် အခက်အခဲတွေ ရှိနေတာကြောင့် သူကိုယ်တိုင်က နှုတ်ထွက်ဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ ကမ္ဘောဒီးယား အစိုးရက တနင်္လာနေ့မှာ ပြောပါတယ်။

အခုအခါမှာ ပြည်ပမှာ နေထိုင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင်ဟာ ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုမှာ ရာထူးကနေ ဖြုတ်ချခံရတာဖြစ်ပြီး သူ့ကို မျက်ကွယ်မှာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ထိုင်းအစိုးရကတော့ တက်ခ်ဆင်ဟာ အစိုးရကို ဆန့်ကျင်တဲ့ အင်္ကျီအနီဝတ် ဆန္ဒပြသူတွေကို ငွေကြေးထောက်ပံ့မှုတွေ ပေးပြီး ဆန္ဒပြတာတွေဖြစ်အောင် စည်းရုံး လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေး အကြံပေး အဖြစ်ကနေ မစ္စတာတက်ခ်ဆင် နှုတ်ထွက်သွားပြီးတဲ့ နောက်မှာတော့ ၂ နိုင်ငံစလုံးက ရုပ်သိမ်းထားတဲ့ သက်ဆိုင်ရာ သံအမတ်တွေကို ပြန်ထားနိုင်ဖွယ် ရှိတယ်လို့ ထိုင်းအစိုးရက တနင်္လာနေ့မှာ အရိပ်အမြွက်အဖြစ်နဲ့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက မစ္စတာ တက်ခ်ဆင်ကို စီးပွားရေး အကြံပေးအဖြစ် ခန့်အပ်လိုက်တဲ့ နိုဝင်ဘာလကစပြီး သံတမန်ရေး တင်းမာမှုတွေ စတင်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကတော့ ကမ္ဘောဒီးယားနိုင်ငံဟာ ထိုင်းနိုင်ငံရေးကို ၀င်ရောက် စွက်ဖက်နေတာ ဖြစ်တယ်လို့ စွပ်စွဲလိုက်ပြီး ၂ နိုင်ငံစလုံးက သူတို့ရဲ့ သက်ဆိုင်ရာ သံအမတ်တွေကို ပြန်ရုပ်သိမ်းခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG