လူအနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့ရတဲ့ အရှေ့တောင်အာရှ ဒေသရဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံ နယ်စပ်ကြား တိုက်ပွဲတွေ အပစ်အခတ် ရပ်စဲဖို့ ၂ နိုင်ငံစလုံးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။
တနင်္လာနေ့က ၂ နိုင်ငံစလုံးရဲ့ ကိုယ်စားလှယ်တွေကို ဘရာဇီးနိုင်ငံ ကိုယ်စားလှယ်ဖြစ်တဲ့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ မာရီယာ လွီဇာ ရီဘယ်ရို ဗီအိုတီ (Maria Luiza Ribeiro Viotti) က တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အဖွဲ့က စိုးရိမ်ကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ သူမက ၂ နိုင်ငံစလုံးက အစိုးရတွေကို အတတ်နိုင်ဆုံး ထိပ်တိုက် ရင်ဆိုင်တာမျိုး မဖြစ်အောင် ကြိုးစားဖို့ တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ နယူးယောက်မြို့မှာ တံခါးပိတ် ဆွေးနွေးပွဲ ကျင်းပအပြီး သတင်းစာ ရှင်းလင်းပွဲ တခုမှာ ဗွီအိုတီက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
နှစ်ပေါင်း ၉၀၀ နီးပါး သက်တမ်းရှိတဲ့ ဟိန္ဒူဘုရားကျောင်းနားက နယ်စပ်မှာ ၄ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေပါ ပါဝင်တဲ့ တိုက်ပွဲတွေ ဖြစ်ရတဲ့ အခြေအနေတွေကို ရှင်းလင်း တင်ပြဖို့ အဲဒီ ၂ နိုင်ငံက ကိုယ်စားလှယ်တွေ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။
အခြေအနေကို ရှင်းပြနိုင်တဲ့ သီးခြား လွတ်လပ်တဲ့ သက်သေတွေရဲ့ တင်ပြချက်တွေ မရှိသေးဘဲ အဲဒီတိုက်ခိုက်မှုတွေ စဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ၂ နိုင်ငံစလုံးက တဘက်ကို တဘက် အပြစ်တင်နေကြဆဲ ဖြစ်ပါတယ်။
ထိန်းသိမ်းအပ်တဲ့ ကမ္ဘာ့ သမိုင်းဝင် အမွေအနှစ်အဖြစ် ကြေညာထားတဲ့ ဖရာ့ဝိဟာရခေါ် ၁၁ ရာစုနှစ် ရှေးဟောင်း ဘုရားကျောင်းနားက သူပိုင်၊ ငါပိုင် အငြင်းပွားနေတဲ့ နယ်မြေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။