မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့အစီအစဉ် တစိတ်တပိုင်းအဖြစ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယား အာဏာပိုင်တွေ ပူးပေါင်းပြီး ဒီနေ့ စီးနင်းရှာဖွေမှုအတွင်း နိုင်ငံခြားသား ၂၁၅ ယောက် လွတ်မြောက်လာကြောင်း တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ Poipet က အထပ် ၃ ထပ်ရှိတဲ့ အဆောက်အဦးတခုကို စီးနင်းရှာဖွေရာမှာ ထိုင်းနိုင်ငံသား ၁၀၉ ယောက်၊ ပါကစ္စတန် ၅၀၊ အိန္ဒိယ ၄၈၊ တိုင်ဝမ်က ၅ ယောက်နဲ့ အင်ဒိုနီးရှားက ၃ ယောက် လွတ်မြောက်လာကြောင်း ထိုင်းအစိုးရ ပြောခွင့်ရ Jirayu Houngsub ကပြောလိုက်တာပါ။ ဆိုက်ဘာရာဇဝတ်မှု လုပ်ငန်းတွေအတွက် မသင်္ကာတဲ့နေရာတွေကို ၂ နိုင်ငံ ပူးတွဲစီးနင်းမှုတွေအတွင်း ဒီတကြိမ်မှာ ထိုင်းနိုင်ငံသား အများဆုံး လွတ်မြောက်လာတာလို့လည်း ပြောပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက လွတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသား ၆၂၁ ယောက်ကိုလည်း မကြာသေးခင်ကပဲ တရုတ်နိုင်ငံက ပြန်ပို့ခဲ့ကြောင်း ပြီးခဲ့တဲ့ စနေနေ့တုန်းကပဲ ထိုင်းစစ်တပ်က ပြောဆိုထားပါတယ်။ တရုတ်သရုပ်ဆောင် Wang Xing ထိုင်းနိုင်ငံမှာ ဖျားယောင်းသွေးဆောင်ခံခဲ့ရပြီး၊ မြန်မာနိုင်ငံ နယ်စပ်ဒေသအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလက် ရောက်သွားခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် တရုတ်နိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံတွေကြား နှိမ်နင်းမှုတွေ အရှိန်မြှင့်လာခဲ့တာပါ။
ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံ နယ်စပ်မြို့တချို့ကိုလည်း ထိုင်းနိုင်ငံ လျှပ်စစ်မီး၊ အင်တာနက်နဲ့ စက်သုံးဆီတွေ ဖြတ်တောက်ခဲ့ပါတယ်။
Forum