သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုဏ်ဂူမှ လွတ်မြောက်လာသူ ထိုင်းလူငယ်အားလုံး ကျန်းမာရေးပုံမှန်ရှိ


ထိုင်းနိုင်ငံက လှိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့ရာက ပြန်လည်လွတ်မြောက်လာတဲ့ လူငယ်ဘောလုံးအသင်းဝင်တွေဟာ ကိုယ်အလေးချိန် လျော့ကျနေပေမဲ့ ယေဘုယျ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြောင်း အစိုးရတာဝန်ရှိသူတယောက်က ပြောဆိုလိုက်ပါတယ်။ ချင်းရိုင်မြို့က ဆေးရုံမှာ ကုသမှုခံယူနေရပြီး၊ လန်းလန်းဆန်းဆန်း တွေ့ရတဲ့ လူငယ်တွေရဲ့ ဓာတ်ပုံတွေကိုလည်း အားလုံးကို ကယ်တင်နိုင်ခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ ထုတ်ပြန်ပြသခဲ့တာပါ။

ဆေးကုသမှု ခံယူနေတဲ့ လူငယ်ဘောလုံးသမားတွေကို မိဘတွေက မှန်ပြတင်းကနေ ကြည့်နေတဲ့ ပုံတွေကိုလည်း ပြသခဲ့ကြပါတယ်။ ကလေးတွေကိုတော့ ရောဂါကူးစက်မှုမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ မိဘတွေနဲ့ တွေ့ဆုံခွင့် မပေးပဲ ဆက်လက်ပြီး သီးခြားခွဲထားတာပါ။ ဘောလုံးသမား လူငယ်တွေဟာ ကိုယ်အလေးချိန် ၄ ပေါင်ကျော်လောက် ကျသွားခဲ့ကြောင်းလည်း ထိုင်းကျန်းမာရေးအရာရှိ Thongchai Lertwilairatanapong က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်မှာရှိတဲ့ Tham Luang လှိုဏ်ဂူထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ဝင်သွားခဲ့ပြီးနောက် ရုတ်တရက် ရေကြီးရာက ၁၈ ရက်ကြာ ပိတ်မိနေခဲ့တဲ့ ဘောလုံးအသင်းဝင်တွေကိုတော့ ၃ ရက်ဆက်တိုက် ရေငုပ်သမားတွေက ကယ်ဆယ်ခဲ့ကြတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ပထမအသုတ်အဖြစ် ၄ ယောက်ကို စတင်ကယ်ထုတ်ခဲ့ပြီး၊ တနင်္လာနေ့မှာ နောက်ထပ် ၄ ယောက်နဲ့ နောက်ဆုံးအသုတ်အဖြစ် မနေ့တုန်းက ကလေး ၄ ယောက်နဲ့ နည်းပြတို့ကို ကယ်ဆယ်ခဲ့တာပါ။

ကယ်ဆယ်ရေးလုပ်ငန်းကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုနဲ့ ဓာတ်ပုံတချို့ကိုလည်း ထိုင်းရေတပ်အထူးတပ်ဖွဲ့က Facebook အင်တာနက်စာမျက်နှာမှာ ဒီနေ့ပဲ ထုတ်ပြန်ပြသခဲ့ပါတယ်။ ရေကြီးနေတဲ့ ဂူထဲမှာ ပျောက်ဆုံးနေတဲ့ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အရွယ် ဘောလုံးသမားတွေနဲ့ နည်းပြတို့ကိုတော့ ၁၀ ရက်အကြာမှာပဲ၊ ဗြိတိသျှ ရေငုပ်သမားတွေက ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီနောက် ကယ်ဆယ်ဖို့ ကြိုးပမ်းရာက ထိုင်းရေတပ်က အထူးရေငုပ်တပ်ဖွဲ့ဝင်ဟောင်း တဦးဟာလည်း မတော်တဆ သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG