သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို ကော်မရှင်ထုတ်ပြန်


ထိုင်းနိုင်ငံမှာ အဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့အပြင် လွန်ခဲ့တဲ့ ၂ နှစ်ကပဲ အာဏာသိမ်းထားတဲ့ စစ်တပ်ကို လုပ်ပိုင်ခွင့် အာဏာတွေ အပ်နှင်းထားလွန်းတယ်လို့ ဝေဖန်မှုတွေ ရှိနေတဲ့ကြားကပဲ အဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အင်္ဂါနေ့က အများပြည်သူသိအောင် ထုတ်ပြန်လိုက်ပါတယ်။

အခြေခံဥပဒေသစ်ကို မထုတ်ပြန်ခင်မှာပဲ ဝေဖန်မှုတွေမလုပ်ဖို့ တားမြစ်ထားတဲ့ စစ်အစိုးရက သြဂုတ်လထဲမှာပဲ အခြေခံဥပဒေကို ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။ လူထုဆန္ဒခံယူပြီးနောက် ၂၀၁၇ ခုနှစ်မှာတော့ ရွေးကောက်ပွဲ ကျင်းပဖို့လည်း ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က ကတိပေးထားတာပါ။

အခြေခံဥပဒေသစ်မှာ လူထုက အာဏာရှိတယ်လို့ ဖော်ပြမထားပေမဲ့ - လူတိုင်းအခွင့်အရေး ကိုယ်စီရှိသလို၊ တန်းတူညီမျှမှုရှိပြီး၊ အကာအကွယ် ပေးထားတာဟာ အရေးကြီးတဲ့အကြောင်း အစိုးရကခန့်အပ်ထားတဲ့ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင် ဥက္ကဋ္ဌက ပုဒ်မပေါင်း ၂၇၉ ခုပါတဲ့ စာမျက်နှာ ၁၀၅ မျက်နှာပါ မူကြမ်းကို ထုတ်ဖော်ပြသရင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ အဓိကနိုင်ငံရေးပါတီ ၂ ရပ်စလုံးတို့အပြင် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ကန့်ကွက်နေကြတာပါ။ အခြေခံဥပဒေမူကြမ်းထဲမှာတော့ အထက်လွှတ်တော် တခုလုံးက ကိုယ်စားလှယ်နေရာ ၂၅၀ စလုံးကို စစ်တပ်က ရွေးချယ်ခန့်အပ်ဖို့နဲ့ ၆ နေရာကိုလည်း စစ်တပ်က အဆင့်မြင့်အရာရှိတွေနဲ့ ရဲချုပ်တို့အတွက် သီးသန့်ထားဖို့ ထည့်သွင်းရေးဆွဲထားတာပါ။

မူကြမ်းရေးဆွဲရေး ကော်မရှင်ဝဘ်ဆိုဒ်မှာ အင်္ဂါနေ့က ဖော်ပြခဲ့တဲ့ အခြေခံဥပဒေမူကြမ်းမှာတော့ ဝန်ကြီးချုပ် ရာထူးကို ရွေးကောက် တင်မြှောက် တာမျိုး မဟုတ်ဘဲ ခန့်အပ်ခွင့်ရှိနိုင်တယ်လို့ ရှင်းလင်းစွာ ဖော်ပြမထားတဲ့ အပိုဒ်တခုလည်း ပါဝင်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြနေကြပါတယ်။

XS
SM
MD
LG