သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်စွာပြောဆိုခွင့် နှိပ်ကွပ်မှု ထိုင်းအစိုးရကို ကုလဝေဖန်


လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအပေါ် ထိုင်းစစ်အစိုးရက လတ်တလော ဖိနှိပ်နေတဲ့အပေါ် ကုလသမဂ္ဂက ဝေဖန် ပြစ်တင်လိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲ ပြုလုပ်ရေး အက်ဥပဒေကို မကြာခင်က ပြဌာန်းခဲ့ပြီးနောက် ဒီဥပဒေနဲ့ ဖမ်းဆီး အရေးယူမှုတွေ လုပ်နေပါတယ်။

ဖွဲ့စည်းပုံမူကြမ်း ရေးဆွဲမှုနဲ့ပတ်သက်လို့ ထုတ်ဖော် ဝေဖန်သူတွေ၊ သတင်းရယူဖို့ ကြိုးပမ်းသူတွေကို ဥပဒေအရ အရေးယူဖို့ စစ်အစိုးရက အမိန့်ထုတ်ပြန်ထားတဲ့အပေါ် သူ့အနေနဲ့ အလွန်စိုးရိမ်တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု မြှင့်တင်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။

ဖွဲ့စည်းပုံမူကြမ်းနဲ့ ပတ်သက်လို့ သဘောထား ထုတ်ဖော်နေသူတွေကို အရေးယူမယ့်အစား ထိုင်းအစိုးရအနေနဲ့ ဖွဲ့စည်းပုံအတွက် လူထုဆန္ဒခံယူပွဲမှာ ပြည်သူတွေရဲ့ သဘောထား လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်ဖို့နဲ့ ဒီဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ သေသေချာချာ သဘောပေါက် မဲပေးနိုင်ကြဖို့ အခြေအနေတွေကို အားပေးသင့်တယ်လို့ အထူးကိုယ်စားလှယ် David Kaye က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံမူကြမ်းကို သြဂုတ်လ ၇ ရက်နေ့မှာ ဆန္ဒခံယူပွဲကျင်းပဖို့ စီစဉ်ထားပါတယ်။ ဖွဲ့စည်းပုံမူကြမ်းအပေါ် ထုတ်ဖော်ဝေဖန်ခဲ့လို့ စစ်ဆေးမေးမြန်းခံရသူ ဒါမှမဟုတ် တရားစွဲခံရသူပေါင်းဟာ ဇွန်လထဲက ၈၆ ယောက်ထက်မနည်း ရှိပြီလို့ သတင်းတွေသိရကြောင်း ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဇူလိုင်လအစောပိုင်းကလည်း ဖွဲ့စည်းပုံကို ပယ်ချကြဖို့ မဲဆွယ်ခဲ့တဲ့ လှုပ်ရှားသူတော်တော်များများကို တရားစွဲခဲ့ပါတယ်။ ဒီအကြောင်း သတင်းရယူတဲ့ သတင်းထောက်တယောက်ကိုလည်း ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲ ပြုလုပ်ရေး အက်ဥပဒေနဲ့ ထိုင်းအစိုးရက ဖမ်းဆီးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG