သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ၂ ဦးအပေါ် လူသတ်မှု စွဲဆိုဖို့ ထိုင်းတရားရုံး ကြားနာမည်


မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး
မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ဦး သတ်ဖြတ်ခံရတဲ့ အမူနဲ့ ပတ်သက်လို့ ဒီဇင်ဘာလ ၄ရက်နေမှာ မြန်မာနိုင်ငံသား လူငယ်၂ဦးကို ကော့စမွေ တရားရုံးကနေ အမှု ၇ မှု နဲ့ ရုံးတင်ခဲ့ပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွားများ အတွက် အပန်းဖြေကျွန်းအဖြစ် ထင်ရှားတဲ့ ကော့တောင်ကျွန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဗြိတိန်နိုင်ငံသား ၂ဦး သတ်ဖြတ်ခံခဲ့ရတာပါ။ ဒီအမူနဲ့ ပတ်သက်လို့ ထိုင်းရဲတွေက မြန်မာနိုင်ငံသား လူငယ် ၂ဦးကို တရားခံတွေအဖြစ် စွပ်စွဲပြိး ကော့စမွေ အကျဉ်းထောင်မှာ ထိန်းသိမ်း ထားခဲ့ရာကနေ ဒီနေ့မှာတော့ အမှု ၇ မှု နဲ့ ရုံးတင်ခဲ့ကြောင်း မြန်မာသံရုံး ကိုယ်စားပြု ရှေ့နေဦးအောင်မျိုးသန့် ကဆိုပါတယ်။

"တရားရုံးကတော့ အမှုနဲ့ ပတ်သက်တာကို အစဉ်အလာ သူတို့က ရဲကနေ စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ အမှုခိုင်လုံခြင်း ရှိ၊ မရှိ အစိုးရ ရှေ့နေရုံးကို တင်တယ်။ တင်လို့ရတဲ့အခါမှာ အစိုးရရှေ့နေရုံးက ခိုင်လုံတယ်ဆို တရားရုံးကို တင်ရတာပါ။ ဒီနေ့ အဲ့လိုပုံစံမျိုးနဲ့ တရားရုံးတင်လိုက်တာပါ။ တင်တဲ့အခါမှာ ကလေးတွေ အပေါ်မှာ ပုဒ်မ ၇ခု နဲ့စွဲထားပါတယ်။ ကျနော်တို့ မြန်မာဥပဒေနဲ့ compare လုပ်မယ် ဆိုရင်တော့ လူသတ်မှု ဆိုတဲ့ ၃၀၂ တို့၊ နောက်တခါ မုဒိမ်းမှုခေါ်တဲ့ ၃၇၆ တို့၊ သေအောင်သတ်ပြီး ပစ္စည်းလုတယ်ဆိုတဲ့ ၃၈၂ လိုဟာမျိုးတို့၊ သေဒဏ်ထိုက်တဲ့ အမှုတွေ ကျူးလွန်ပြီးတော့ ထိန်ချန်မှုဆိုတဲ့ ပုဒ်မ ၁၂၀တို့၊ နောက်တခါ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်တယ်ဆိုတဲ့ လဝက ဥပဒေ ၁၃/ ၁ တို့၊ နောက်တခါ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ပြီးတော့ ဆက်လက်နေထိုင်တယ်ဆိုတဲ့ ၁၃ (က) လို အမှုမျိုးတွေဟာ အားလုံး ၇ခုပါ သူတို့စွဲထားတာ။"

ဒီနေ့ တရားရုံးကို အမူတွဲတင်တဲ့ အချိန်မှာတော့ တရားခံအဖြစ် စွပ်စွဲခံ ထားရသူတွေ ကတော့ တရားခွင်ကိုရောက်မလာခဲ့ကြောင်း သူတို့အနေနဲ့ ခုခံပြောဆိုနိုင်ဖို့ ကတော့ လာမယ့် ၈ရက်နေမှာ သူတို့ကိုမေးမြန်းဖွယ် အခြေအနေ ရှိတယ်လို့ ရှေနေဦးအောင်မျိုးသန့်က ဆိုပါတယ်။

" တရားရုံးတွေမှာဆိုရင်တော့ တရားခွင်မှာ အမှု တင်ပြီဆိုရင် စွပ်စွဲခံရသူတွေက တရားခွင် ရောက်ပြီးတော့ ဒီအမှုနဲ့ပတ်သက်လို့ ကျူးလွန်ခြင်း ရှိ၊ မရှိ ဆိုတာကို တရားခွင်ရှေ့မှာ မေးတာပါ။ တရားခွင် အမှုတွဲ တင်တဲ့အချိန်မှာ အဲ့ဒီ့လို စွပ်စွဲခံရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းဟာ တရားခွင်ရှေ့ကို ရောက် မလာခဲ့ပါဘူး။ ရောက်မလာခဲ့တဲ့ အတွက် ဒီအမှုနဲ့ပတ်သက်လို့ ကျူးလွန်တယ် မကျူးလွန်ဘူး ဆိုတာ ကလေးတွေကို မေးခွင့်မရှိခဲ့ပါဘူး။ အဲ့ဒီ့တော့ ကျနော်တို့ ဒီကိစ္စဟာလည်း တနင်္လာနေ့မှာ စစ်မယ့်သဘောရှိပါတယ်။ အဲ့ဒီ့နေ့ ၈ရက်နေ့မှာ ပထမဆုံး ခုနက ကျနော်ပြောသလို ကလေးတွေကို မေးပါမယ်။ အဲ့ဒီ့အချက်တွေ မေးပြီးတော့မှ ကျနော်တို့ဘက်ကနေပြီးတော့ ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ ကိစ္စတွေ ပေါ်လာမှာပါ။"

မြန်မာလူငယ် ၂ဦးကို စွဲချက်တင်နိုင်ဖို့အတွက် ပထမတကြိမ် အမူတွဲတင်တဲ့အခါမှာ အစိုးရရှေ့နေတွေဘက်ကလည်း မခိုင်လုံသေးဘူးလို့ ပာဆိုထားတဲ့အတွက် တရားလိုဖြစ်တဲ့ ရဲအာဏာပိုင်တွေက အချိန် အတော်ကြာ ပြင်ဆင်နေခဲ့ တာဖြစ်ပါတယ်။ အခုအခါမှာတော့ ပုဒ်မ ၇ခုလောက်နဲ့ စွဲတင်ကြောင်း ကော့စမွေ တရားရုံးကို လာရောက်ပေးပို့ခဲ့တာဖြစ်ပါတယ် ။

ဒီလိုစွပ်စွဲထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်လို့ မြန်မာလူငယ်၂ဦးအတွက် ခုခံချေပနိုင်ဖို့ မျော်လင့်ချက်တွေ ဘယ်လောက် ရှိမလဲ ဆိုတာကို လည်းမေးမြန်းကြည့်တဲ့ အခါမှာ တရားလိုရဲအာဏာပိုင်တွေဘက်က စွပ်စွဲမူတွေဟာ မခိုင်လုံပဲ အားနည်းချက်တွေ ရှိတဲ့အကြောင်း ကို ဦးအောင်မျိုးသန့်က ဆက်ပြောပြပါတယ်။

"ဒီအမှုတွေရဲ့ ပုဒ်မတွေကို ကြည့်မယ်ဆိုရင် အားလုံးက သုံးခုလောက် က သေဒဏ် ထိုက်တဲ့ အမှုတွေပါ။ သေဒဏ်ထိုက်တဲ့ အမှုတွေဟာ ကျနော်တို့ မျက်မြင်သက်သေ မရှိဘဲနဲ့ လွတ်လပ်စွာ အပြစ်ပေးလို့ မရပါဘူး။ အခုတော့ ဒီအမှုဟာ သေဒဏ် ထိုက်တဲ့ အမှုဖြစ်ပေမဲ့ လွတ်လပ်စွာ အပြစ်ပေးလို့မရအောင် ကျနော်တို့က သူတို့ဘက်က လိုက်ယူမယ့်DNA ဆိုတဲ့ ကိစ္စကို ယူကောင်း ယူပါလိမ့်မယ်။ DNA ဒါမှမဟုတ်လို့ရှိရင်လည်း သူတို့ပြောတဲ့ CCTV က ပုံရိပ်တွေကို ယူကောင်းယူ ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ စဉ်းစားတဲ့အခါမှာ သူတို့တင်ပြတဲ့ DNA ဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ယူတာလားဆိုတာကို နံပတ်တစ် စဉ်းစားရပါလိမ့်မယ်။ နံပတ်နှစ်အချက်က CCTV မှာ ပြေးတဲ့ပုံကို ယူမယ်ဆိုရင် ဒီဟာက အမှန်တကယ် တရားခံ ဟုတ်သလား။ CCTV မှာ တချို့အကွက်တွေ ပျက်နေတယ် ဘာကြောင့် ပျက်နေသလဲ ဆိုတဲ့အချက်တွေက ဒါ သံသယ ဖြစ်စရာတွေပါ။"

စက်တင်ဘာလ၁၅ရက်နေ့မှာ ဗြိတိန်နိုင်ငံသား ၂ဦးကိုသတ်ဖြတ်မူဖြစ် အပြီး ၂ပတ်ကြာတဲ့အထိ တရားခံတွေကို ထိုင်းရဲတွေက ထုတ်ဖော်နိုင်ခြင်းမရှိတာကြောင့် အများဝေဖန်ခံနေရတဲ့အမှုဖြစ်သလို တရားခံတွေ အဖြစ် မြန်မာလူငယ်တွေကို စွပ်စွဲတဲ့အခါမှာလည်း တရားခံတွေမဟုတ်ပဲ တန်ဆာခံတွေသာဖြစ်တယ်လို့ ထိုင်းသတင်းမီဒီယာတွေနဲ့ လူမူကွန်ယက်တွေမှာ ဝေဖန်ခံနေရတာပါ။

မြန်မာလူငယ် ၂ဦးကတော့ အစပိုင်းမှာတော့ ခြိမ်းခြောက်မူ နှိပ်စက်မူတွေကြောင့် သူတို့သတ်ပါတယ်လို့ ဝန်ခံခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူတို့ ဟာပြစ်မှု မကျုးလွန်ခဲ့ကြောင်း သူတို့လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင် ရွက်စေပေးစေလိုကြောင်း ထိုင်းရှေ့နေများကောင်စီကနေ တဆင့် ငြင်းဆိုထားပါတယ်။

သူတို့အမှုကို မြန်မာသံရုံး ကိုယ်စားပြု ရှေ့နေတွေအပါအဝင် ထိုင်းရှေနေများကောင်စီ က ရှေနေ၁၂ဦးက လိုက်ပါဆောင်ရွက်ပေး မှာဖြစ်ပြီး နှိပ်စက် ညှင်းပမ်းမူတွေရှိတယ်လို့ ပြောဆိုထားတဲ့အတွက် ထိုင်း အထူးစုံးစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်းပြန်လည်စစ်ဆေးပေးဖို့ တိုင်ကြားထားတဲ့အမူ ဖြစ်ပါတယ်။

XS
SM
MD
LG