ထိုင်းနိုင်ငံမှာ လူပေါင်း ၈၅ ဦး သေဆုံးခဲ့တာကြောင့် လူသိများတဲ့ “Tak Bai” (တာခ် ဘိုင်) အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် ထိုင်းစစ်အရာရှိ ၇ ဦးအပေါ် စွဲချက်တင်ထားတာကို ထိုင်းတရားရုံးက တရားဝင် ပယ်ဖျက်လိုက်တာကြောင့် အသက်ရှင်ကျန်သူတွေနဲ့ သေဆုံးသူမိသားစုတွေရဲ့ တရားမျှတမှု ရရှိရေး မျှော်လင့်ချက်တွေ အဆုံးသတ်ခဲ့ရပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၊ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့က Tak Ba ခရိုင် ရဲစခန်းရှေ့မှာ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းခဲ့မှုကြောင့် လူ ၇ ဦးသေဆုံးကာ၊ ပစ်ခတ်မှုအပြီး လူပေါင်း ၇၈ ဦးကို ထရပ်ကားနောက်မှာ လက်ပြန်ကြိုးတုပ်ကာ မှောက်လျက်အနေအထားနဲ့ ဖမ်းဆီးခဲ့တဲ့အတွက် အသက်ရှူကြပ်ပြီး သေဆုံးခဲ့ရတာပါ။ အမှုနဲ့ ပတ်သက်လို့ ၂၀၁၂ ခုနှစ်မှာ အစိုးရက တောင်းပန်မှုတွေနဲ့ လျော်ကြေးတွေ ပေးခဲ့ပေမဲ့၊ ဒီနှစ်ဩဂုတ်လအထိ တာဝန်ရှိသူတွေကို စွဲချက်တင်မှုမလုပ်ခဲ့ပါဘူး။
အမှုနဲ့ ပတ်သက်လို့ အကြီးတန်း စစ်အရာရှိတချို့ အပါအဝင် အရာရှိ ၇ ယောက်ကို ဖမ်းဝရမ်းထုတ်ခဲ့ပေမဲ့ နှစ်ပေါင်း ၂၀ အကြာမှာ တရားစွဲဆို အရေးယူပိုင်ခွင့် သက်တမ်း ကုန်ဆုံးတဲ့အချိန်အထိ တိမ်းရှောင်နေခဲ့ကြတာပါ။ အရေးယူခွင့်ရှိတဲ့ သက်တမ်းပြည့်တဲ့အထိ ဖမ်းဆီးနိုင်ခြင်းမရှိတာကြောင့် အမှုကို အပြီးတိုင် ပိတ်သိမ်းလိုက်ကြောင်း တောင်ပိုင်း Narathiwat တရားရုံးက ဒီနေ့ပဲ ကြေညာခဲ့တာပါ။
မွတ်ဆလင်အများစုနေထိုင်ရာ ထိုင်းနိုင်ငံ တောင်ပိုင်းက ခွဲထွက်ရေးလိုလားသူတွေနဲ့ အစိုးရတပ်ဖွဲ့တွေကြား ပဋိပက္ခတွေမှာ ကျုးလွန်ခဲ့တဲ့အမှုတွေအတွက် အရေးမယူနိုင်ခဲ့တဲ့အထဲမှာ အခုအမှုဟာလည်း အထင်အရှား ဖြစ်ခဲ့ပါတယ်။ နစ်နာသူတွေရဲ့ မိသားစုတွေနဲ့ လွတ်မြောက်လာသူတွေကတော့ ဒီဖြစ်ရပ်ဆိုး နှစ် ၂၀ ပြည့်တဲ့ သောကြာနေ့က တရားမျှတမှုရရှိစေဖို့အတွက် တောင်းဆိုတဲ့အခမ်းအနားတွေကျင်းပခဲ့ပါတယ်။
Forum