သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ကော့တောင် လူသတ်မှု DNA ပြန်စစ်မည်


လူသတ်တရားခံအဖြစ် စွပ်စွဲခံရသူ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး။
လူသတ်တရားခံအဖြစ် စွပ်စွဲခံရသူ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး။

ထိုင်းနိုင်ငံကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံ သား (၂) ဦး အသတ်ခံရမှုနဲ့ ပါတ်သက်လို့ တရားခံအဖြစ် စွပ်စွဲပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား (၂) ဦးရဲ့ DNA (ဒီအန်အေ)ကို ပြန်လည်စစ်ဆေးခွင့်ပြုမယ်လို့ ကော့စမွေ တရားရုံးကနေ ဒီကနေ့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒီအမှုသွားအမှုလာရဲ့ အခြေအနေကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြထားပါတယ်။

လိပ်ကျွန်းလို့ ခေါ်တဲ့ ထိုင်းနိုင်ငံကော့တောင်ကျွန်းမှာ သတ်ဖြတ်ခံခဲ့ရတဲ့ဲ ဗြိတိန်နိုင်ငံ သား (၂) ဦးနဲ့ ပါတ်သက်လို့ စွပ်စွဲခံ ထားရသူ မြန်မာနိုင်ငံသား(၂) ဦးကို ဖမ်းဆီးပြီး ရုံးတင်စစ်ဆေးနေရာကနေ ဧပြီ (၃၀) ရက်နေ့မှာတော့ပြန်လည် ရုံးထုတ် စစ်ဆေးခဲ့တာပါ။ စွပ်စွဲခံထားရတဲ့ သူတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေ့နေတွေ တောင်းဆိုထားတဲ့ အချက်တွေထဲက တရားခံ(၂) ဦးကို ဒီအန်အေ ပြန်လည် စစ်ဆေးခွင့်ပြုကြောင်း တရားရုံးကနေ ပြန်လည် ဆုံးဖြတ်ချက် ချခဲ့တယ်လို့ မြန်မာ သံရုံးက ဦးဆောင်ဖွဲ့စည်းပေးထားတဲ့ အထူးစုံးစမ်းရေးကော်မီတီ က တာဝန်ရှိသူ ဦးကျော်သောင်းက ဆိုပါတယ်။

"ဒီအန်အေ စစ်ဆေးထားရာကနေပြီးတော့ ကျနော်တို့ ပြန်ပြီးတော့ စစ်ဆေးခွင့်ပြုပါ လို့ လျှောက်ထားတာကို ညနေပိုင်းမှာ သီးခြား လွတ်လွတ်လပ်လပ် ဒီအန်အေ စစ်ဆေးမှုကို ပြန်ပြီးတော့ မင်းတို့ လေ့လာဖော်ထုတ်နိုင်တယ်ဆိုပြီးတော့ တရားရုံးက ဒီနေ့ဆုံးဖြတ်ချက်ချ တယ်ပေါ့လေ"

လိပ်ကျွန်းအမူဖြစ်ပွားပြီးစဉ်တုန်းကတော့ ရဲတွေဘက်က စွပ်စွဲချက်တွေထဲ မှာ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်မှာ မြန်မာနိုင်ငံသား ၂ဦးရဲ့ DNA မျိုးရိုးဗီဇတွေနဲ့ တူတာတွေကိုတွေ့ရှိရတယ်လို့ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ ဒီလို စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမူမရှိဘူးဆိုပြီး တရားခံတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေသူတွေက မေးခွန်းထုတ်ခဲ့တဲ့အကြောင်းကိုလည်း ဦးကျော်သောင်းကဆက်ပြောပြပါတယ်။

"အဲ့ဒီ သူတို့ စွပ်စွဲထားသည့် ဒီအန်အေသည် နံပါတ် တစ် ဘယ်တုန်းက ဘယ်အချိန်က ယူထားတဲ့ ဒီအန်အေလဲ။ ဘယ်သူ့ဆီက ယူထားတဲ့ ဒီအန်အေလဲ။ ဘယ်နည်းနဲ့ ယူထားတဲ့ ဒီအန်အေလဲ။ အဲဒီ ဒီအန်အေ ယူထားတာ ကျွမ်းကျင်သူက ဘယ်သူပါလဲ။ သိမ်းဆည်းထားသူက ဘယ်သူ သိမ်းဆည်းထားတာလဲ။ သူတို့ဆီက ဒီအန်အေ ယူပါတယ်လို့ မှတ်တမ်းမှတ်ရာ က ဘယ်သူယူသလဲ ဆိုတဲ့ အင်္ဂါရပ် သုံးခု လိုတာကိုး။ ရဲကနေပြီးတော့ ယူရုံနဲ့ မရဘူး။ နံပါတ်တစ် ကျွမ်းကျင်တဲ့လူ လိုတယ်။ အဲဒီ ဒီအန်အေ ကို မှတ်တမ်းတင်ဖို့ အဖွဲ့တဖွဲ့လိုတယ်။

နံပါတ်သုံး အဲဒီ ဒီအန်အေ ကို တကယ့်ကို ကျွမ်းကျင်တဲ့ အဖွဲ့အစည်း တခုက သိမ်းထားဖို့ လိုသေးတယ်။ ကျနော်တို့က ဒီ ကျနော်တို့ဖက်က ဖြစ်နိုင်ဖို့ ဖြစ်နိုင်ချေ မရှိဘူးဆိုတာတွေကို တင်ပြထားတယ်။ အဲဒါကို ကျနော်တို့ ထပ်ပြီးတော့မှ စောက ကျနော်ပြောသလို အသေးစိတ် ကျနော်တို့ ဟိုဒီ ပြောတဲ့ ဒီအန်အေဟာ ဘယ်လောက် မှန်ကန်မှု ရှိသလဲ ဘယ်လောက် စိတ်ချရမှုရှိသလဲ ဆိုတဲ့ ပုံစံမျိုးကို ထပ်ပြီးတော့မှ ထပ်ပြီး သရုပ်သကန်ခွဲကြရဦးမှာပေါ့"

လိပ်ကျွန်းအမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားခံတွေအဖြစ် စွပ်စွဲခံရမှုတွေကို ထိုင်းရှေ့နေတွေနဲ့ ပူးပေါင်းပြီး တရားရုံးမှာ ခုခံချေပမှုတွေ ဆက်လုပ်ဖို့အတွက်က ရေရှည်လုပ်ဆောင်ရမယ့် လုပ်ငန်းတွေဖြစ်တယ်လို့ လည်းပြောပါတယ်။

အစပိုင်းမှာ မြန်မာသံရုံးဖက်ကနေ ဖိဖိစီးစီးဆောင်ရွက်ပေးတာတွေ ရှိခဲ့ပေမယ့် လိုက်ပါဆောင်ရွက်တဲ့အခါမှာ ကုန်ကျတဲ့ ငွေကြေးအခက်အခဲတွေ တရားခံဘက်ကနေ လိုက်ပါသက်သေထွက်ပေးမဲ့ သက်သေတွေ နဲ့ပတ်သက်လို့ ဆောင်ရွက်မှုတွေဟာ နောက်ပိုင်းမှာ အားနည်းမူတွေ ရှိလာတယ်လို့ ဦးကျော်သောင်းကဆက်ပြောပြပါတယ်။

ဒီအတွက်အခုဆိုရင် သတ်မှတ်ရက်ထက်စောပြီး တရားရုံးထုတ်စစ်ဆေးတာတွေ လုပ်လာတဲ့အခါမှာ သူတို့ဘက်က ပြင်ဆင်မှုတွေ သိပ်မလုပ်နိုင်တဲ့အတွက် တရားခံတွေ လွတ်မြောက်ရေးဆောင်ရွက်ဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့်လည်း ဆက်ပြောပြပါတယ်။

လိပ်ကျွန်းလူသတ်မူဟာ စက်တင်ဘာလ ၁၅ ရက်နေ့မှာဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား လူငယ် (၂) ဦးကို ထိုင်းအာဏာပိုင်တွေက လူသတ်မှု မုဒိမ်းမှု တရားမဝင် ဝင်ရောက်မှုစတဲ့ အမှု (၇) မှုနဲ့ စွပ်စွဲထားပေမယ့် မြန်မာလူငယ်(၂) ဦးကတော့ စစ်ဆေးမေးမြန်းစဉ်အတွင်း နှိပ်စက်မှု ညှင်းပန်းမှုတွေကြောင့် ဝန်ခံခဲ့ရကြောင်း သူတို့ဟာလူသတ်မှုနဲ့ ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။

XS
SM
MD
LG