သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yingluck Shinawatra ဆန်စပါးကိစ္စ ပေါ့ဆ


ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra။ (မေ ၇၊ ၂၀၁၄)
ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra။ (မေ ၇၊ ၂၀၁၄)
ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ဟာ ဥပဒေကြောင်း နောက်ထပ် အရေးနိမ့်မှုတခုနဲ့ ထပ်ပြီး ရင်ဆိုင်ရပါတယ်။ အငြင်းပွားဖွယ် ဆန် ရောင်းဝယ်ရေးအစီအစဉ်မှာ ပေါ့ဆမှုအတွက် အပြစ်ရှိတယ်ဆိုပြီး ထိုင်းနိုင်ငံ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ဆုံးဖြတ်လိုက်တာပါ။

ဆန်အစီအစဉ်နဲ့ပတ်သက်ပြီး မစ္စယင်းလပ်အပေါ် အရေးယူဖို့ လုံလောက်တဲ့ အထောက်အထားရှိတယ်လို့ ကော်မရှင် ဒီကနေ့မှာ တညီတညွတ်ထဲ ဆုံးဖြတ်လိုက်တာပါ။ အဲဒီအစီအစဉ်ဟာ လာဘ်စားမှုတွေနဲ့ပြည့်နေပြီး ဒေါ်လာ ဘီလီယံပေါင်းများစွာ အလဟဿ ဖြစ်ခဲ့ရတယ်လို့ ဝန်ကြီးချုပ်ဟောင်း ကို ဝေဖန်သူတွေက ပြောကြပါတယ်။

ဒီအမှုဟာ အခု အထက်လွှတ်တော်ရှေ့ ရောက်သွားပြီဖြစ်ပြီး မစ္စယင်းလပ်ကို အရေးယူရေး မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပြီးတော့ အတည်ဖြစ်ခဲ့မယ် ဆိုရင် နိုင်ငံရေးကနေ ငါးနှစ်အထိ ပိတ်ပင်တားမြစ်ခံရမှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ထိုင်း အခြေခံဥပဒေတရားရုံးက တရားသူကြီးတဦးရဲ့ အိမ်ထဲကို ဒီကနေ့မှာပဲ လက်ပစ်ဗုံးတလုံး ပစ်သွင်းခဲ့ တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ကပြောပါတယ်။ ဝန်ကြီးချုပ်ကို ရာထူးကဖယ်ရှားပစ်ဖို့ အခြေခံဥပဒေ တရားခုံရုံးက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ် ခဲ့တာပါ။

ဒီကနေ့မနက်အစောပိုင်းက ပစ်ခဲ့တဲ့ လက်ပစ်ဗုံးကြောင့် တရားသူကြီးရဲ့ ဘန်ကောက်မြို့တော်က နေအိမ်ခေါင်မိုးနဲ့ ကားတစီး အနည်းငယ်ပျက်စီးသွားပြီး ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
XS
SM
MD
LG