သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဥပဒေသစ် ထိုင်းဆိုင်းငံ့မည်


ထိုင်းနိုင်ငံမှာ ထွက်ခွာနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများ။
ထိုင်းနိုင်ငံမှာ ထွက်ခွာနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများ။

ထိုင်းနိုင်ငံအတွင်းက အလုပ်ရှင်တွေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေအပေါ် ဆိုးကျိုး သက်ရောက်မှုတွေ လျော့နည်းအောင် လုပ်ဆောင်တဲ့ အနေနဲ့ ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ ဥပဒေသစ် ပြဌာန်းဖို့ ရက် ၁၂၀ နောက်ဆုတ်လိုက်ကြောင်း ထိုင်းဒုတိယ ဝန်ကြီးချုပ် Wissanu Krea-ngam က သောကြာနေ့မှာ ပြောပါတယ်။

အလုပ်သမားဝန်ကြီး၊ နိုင်ငံတော်ကောင်စီ၊ အမျိုးသားလုံခြုံရေးကောင်စီ၊ ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲ ကော်မီတီ၊ စက်မှုနဲ့ ဘဏ်လုပ်ငန်း စတဲ့ နယ်ပယ်အသီးသီးက တာဝန်ရှိသူတွေနဲ့ ဒုဝန်ကြီးချုပ်တို့ အစိုးရအိမ်တော်မှာ တွေ့ဆုံအပြီး ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-Cha ကတော့ - ဆုံးရှုံးနစ်နာမှုတွေအတွက် သူ့အနေနဲ့ နားလည် သဘောပေါက်ကြောင်း၊ အခုလို ရက်ရွေ့ဆိုင်းလိုက်ပေမယ့်လည်း တချိန်ချိန်မှာတော့ ဥပဒေကို ပြဌာန်း ကျင့်သုံးသွားရမှာ ဖြစ်တဲ့အကြောင်းနဲ့ တရားမဝင် လုပ်သမားတွေ၊ လူမှောင်ခိုကူးသူတွေကိုတော့ ဥပဒေအတိုင်း အရေးယူသွားမှာ ဖြစ်တဲ့အကြောင်း ဝန်ကြီးချုပ် ချန်အိုချာက ပြောသွားတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားတွေ တနေ့တနေ့ ထောင်နဲ့ချီပြီး ပြန်ထွက်သွားနေကြတယ်လို့ ထိုင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။ နိုင်ငံခြားသား အလုပ်သမားတွေကို ထိန်းကွပ်မယ့်အမိန့်တရပ် ဒီလ အစောပိုင်းမှာ စတင ်အသက်ဝင်ပြီးတဲ့နောက် အခုလို ထွက်သွားနေကြတာပါ။

နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲရေးဥပဒေအရ ထုတ်ပြန်တဲ့အမိန့်ဟာ ဇွန်လ ၁၇ ရက်နေ့ကစပြီး အသက်ဝင်တာပါ။ ဒီအမိန့်အရ တရားဝင် အထောက်အထားမရှိတဲ့ နိုင်ငံခြားသားအလုပ်သမားတယောက်ကို အလုပ်ခန့်ထားတဲ့ အလုပ်ရှင်တဦးဟာ ဒဏ်ငွေ ထိုင်းဘတ် ၈ သိန်း၊ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၂ သောင်း ၃ ထောင်ကျော် ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒီတင်းကျပ်တဲ့ ပြစ်ဒဏ်ကြောင့် စီးပွားရေးလုပ်ငန်း တချို့ဟာ တရားဝင် အထောက်အထားမဲ့ အလုပ်သမားတွေကို အလျင်အမြန်ပဲ ထုတ်ပစ်တာ ဒါမှမဟုတ် လက်ရှိ ပြည်ပအလုပ်သမားတွေ အတွက် အလုပ်လုပ်ခွင့်လက်မှတ် လျှောက်ထားတာတွေ လုပ်နေကြရပါတယ်။

မြန်မာနဲ့ကမ္ဘောဒီးယားတို့အပါအဝင် ထိုင်းနိုင်ငံရဲ့ ဆင်းရဲတဲ့အိမ်နီးချင်းတိုင်းပြည်တွေက အလုပ်သမားတွေဟာ ထိုင်း လုပ်သား အင်အားစုရဲ့ တကယ့်အမာခံတွေဖြစ်သလို ဒေါ်လာဘီလီယံပေါင်းများစွာ ဝင်ငွေရနေတဲ့ ပင်လယ်အစားအစာလုပ်ငန်းအပါအဝင် ကုန်ထုတ်လုပ်ငန်း အများအပြားဟာလဲ ပြည်ပလုပ်သားတွေအပေါ် အကြီးအကျယ် မှီခိုနေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG