သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာမည်ကောင်းရ ထိုင်းရဲအရာရှိ မူးယစ်ဆေးမှောင်ခိုမှုနဲ့ ဖမ်းဆီးခံရ


မူးယစ်ဆေး ဖမ်းဆီးရာမှာ နာမည်အလွန်ကြီးပြီး နာမည်ကောင်းရထားတဲ့ ထိုင်းရဲအရာရှိကြီး Chamnarn Poompaijit.
မူးယစ်ဆေး ဖမ်းဆီးရာမှာ နာမည်အလွန်ကြီးပြီး နာမည်ကောင်းရထားတဲ့ ထိုင်းရဲအရာရှိကြီး Chamnarn Poompaijit.

ထိုင်းရဲအရာရှိကြီးတဦးကို ဘတ်ငွေ သန်း ၁၆၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေး အများအပြားနဲ့အတူ ထိုင်းနိုင်ငံ ချင်းရိုင်ဒေသမှာ သြဂုတ်လ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး သူဟာ မြန်မာနိုင်ငံဘက်က ရှမ်းမူးယစ်ဆေးဝါး ဂိုဏ်းတခုကနေ အခကြေးငွေယူပြီး သယ်ဆောင်လာတာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မူးယစ်ဆေး ဖမ်းဆီးရာမှာ နာမည်အလွန်ကြီးပြီး နာမည်ကောင်းရထားတဲ့ ထိုင်းရဲအရာရှိကြီး Chamnarn Poompaijit ဟာ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆိုင်မြို့ကအထွက် ချင်းရိုင်ဒေသ ရဲစစ်ဆေးရေး ဂိတ်တခုမှာ သြဂုတ်လ ၁၈ ရက်နေ့က သူ့ရဲ့ခရီးဆောင်အိတ်ထဲမှာ သယ်ဆောင်လာတဲ့ စိတ်ကြွဆေး အလုံးရေ ၈ သိန်းနဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကို စစ်ဆေးခဲ့တဲ့ ထိုင်းရဲအရာရှိကတော့ သတင်းထောက်တွေကို အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။

“စိတ်ကြွဆေး ၈ သိန်းလောက်ရှိတယ်။ ဒါဟာ ကြီးမားတဲ့ မူးယစ်ဆေးဝါး ကွန်ယက်ကြီးတခုကို ဖမ်းမိတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့သက်ဆိုင်တဲ့ သူတွေကို ဆက်လက် ဖော်ထုတ်သွားမယ်။ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းဆည်းမယ် ဒီမူးယစ်ဆေးဝါးတွေကို ဘယ်သူတွေက ဝယ်ယူဖို့အတွက် လုပ်ဆောင်ထားသလဲ ဆိုတာကိုလည်း စစ်ဆေးသွားမယ်” - လို့ ပြောဆိုသွားခဲ့တာပါ။

ဒါ့အပြင် သူ့ကို မြန်မာနိုင်ငံက ရှမ်းလူမျိုး မူးယစ်ဆေးဝါး ဂိုဏ်းတခုကနေ မူးယစ်ဆေးဝါးတွေ သယ်ယူပို့ဆောင်ပေးဖို့အတွက် ထိုင်းဘတ်ငွေ ၆ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ရဲမှူးကြီး Chamnarn က ဖြောင့်ချက်ပေး ဝန်ခံပြောဆိုထားကြောင်း ထိုင်းအာဏာပိုင်တွေက ရှင်းလင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အတွင်းက နယ်စပ်ရွာတရွာအနီးမှာ မြန်မာပြည်ဘက်ခြမ်း ရှမ်းပြည်နယ် မိုင်ယောင်းဘက်ကနေလာတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေနဲ့ ထိုင်းစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ခဲ့သလို မကြာခဏဆိုသလို မူးယစ်ဆေးဝါး သယ်ဆောင်သူတွေနဲ့ ထိုင်းစစ်တပ်တို့ဟာ ပစ်ခတ်မှုတွေ ရှိနေတာပါ။

မဲဆိုင်မြို့မှာလည်း မူးယစ်ဆေးဝါးတွေ မကြာခဏဆိုသလို ဖမ်းမိခဲ့ပါတယ်။ မဲဆိုင်မြို့ဟာ ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ တာချီလိတ်မြို့နဲ့နီးပြီး မကြာသေးခင်တုန်းကပဲ မြန်မာနိုင်ငံဘက်ခြမ်းမှာလည်း မူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့စု ၃၀ ကလည်း စိတ်ကြွဆေးတွေ သိန်းနဲ့ချီ ဖမ်းဆီးရမိတာတွေရှိခဲ့ပြီး ၂၀၁၄ ထဲမှာ စိတ်ကြွဆေး အလုံးရေ သန်း ၂၀ လောက် ဖမ်းမိခဲ့တယ်လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG